ဖားကန့်မှာ မြေစာပုံပြိူကျလို့ လူသေဆုံးပြန်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကုဋေမှော်ရွာအနီးက စုပေါင်းစွန့်ပစ်မြေစာပုံမှာ ဒီကနေ့ မနက်က မြေစာပုံပြိုကျတာကြောင့် ရေမဆေးကျောက်ရှာနေတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

အဲ့ဒီမြေစာပုံဟာ နေမင်းကမ္ဘာ၊ ဝေအောင်ကမ္ဘာ၊ ရတနာရောင်ခြည် စတဲ့ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ သုံးခု စွန့်ပစ်တဲ့ စုပေါင်းမြေစာပုံဖြစ်တယ်လို့ လုံးခင်းရဲစခန်းမှူး ရဲအုပ် ထင်ကျော်က ပြောပါတယ်။

" နေမင်းကမ္ဘာ၊ ဝေအောင်ကမ္ဘာ၊ ရတနာရောင်ခြည်ရယ် မြေစာပုံက တကြောထဲပေါ့၊ ဖြစ်သွားတာ က နေမင်းကမ္ဘာ ဘက်ခြမ်းက ဖြစ်သွားတာ၊ သေဆုံးတာက တစ်ယောက်ပါခင်ဗျ၊ မြေစာပုံက သိပ်မမြင့်ပါဘူး ခပ်နိမ့်နိမ့်ပါပဲ၊ ပေ ၁ဝဝ လောက်ပဲမြင့်တာ၊ ကုမ္ပဏီတွေကိုလည်း ကျနော်တို့ ညွှန်ကြားထားတာတွရှိ ပါတယ်၊ မြေစာပုံတွေကို သိပ်အမြင့်ကြီးမပစ်ဖို့ နောက်ပြီးတော့ ရေမဆေးဘာတွေလည်း အဲ့မှာအန္တရာယ် ရှိတဲ့နေရာပေါ့၊ ဒါပေမဲ့လည်း မရပါဘူး၊ သွားလာနေကြတာပဲ"

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကန်ခမ် စုပေါင်းမြေစာပုံမှာ ပြီးခဲ့တဲ့နိုဝင်ဘာ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့ တဲ့ မြေစာပုံပြိုကျမှုမှာ လူ ၁၁၄ ယောက် သေဆုံးခဲ့ပြီး မကြာခဏ မြေစာပုံပြိုကျမှုတွေ ဖြစ်ပွားနေပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြန်မာနိုင်ငံအနှံ့က ရွှေ့ပြောင်းလုပ်ကိုင်သူ နှစ်သိန်းဝန်းကျင်ရှိပါတယ်။