ဒုက္ခသည်တွေပြန်လာရေး အရှိန်မြှင့်ဖို့ UNHCR ပြောကြား

2019-05-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရမ်ဒီ မေလ ၂၂ ရက်နေ့က စစ်တွေမြို့ကို သွားရောက်ခဲ့စဉ်။
UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရမ်ဒီ မေလ ၂၂ ရက်နေ့က စစ်တွေမြို့ကို သွားရောက်ခဲ့စဉ်။
Photo: RFA

ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရမ်ဒီရဲ့ မြန်မာပြည် ခရီးစဉ်အပြီး ထုတ်ပြန်ချက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်လာရေးအတွက် ဆောင်ရွက်မှုတွေ နှေးကွေးနေတဲ့အတွက် သိသာထင်ရှားစွာ လုပ်ဆောင်ပြဖို့ တိုက်တွန်းခဲ့ကြောင်း၊ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို ထိရောက်စွာ အကောင်အထည်ဖော်ဖို့ အရေးကြီးကြောင်း နဲ့ ဆွေးနွေးပွဲတွေဟာ အပြုသဘောဆောင်ကြောင်း ဖော်ပြထားပါတယ်။

ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရမ်ဒီ ဟာ ရိုဟင်ဂျာ နဲ့ ရခိုင် အသိုင်းအဝန်း နှစ်ခုလုံးကို တွေ့ဆုံပြီး သူတို့ အခက်အခဲတွေကို သိရှိခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာမွတ်စလင်တွေက လွတ်လပ်စွာသွားလာခွင့်၊ ပညာသင်ခွင့်၊ နိုင်ငံသားဖြစ်ခွင့်စသဖြင့် သူတို့လိုချင်တဲ့ အချက်တွေကို တင်ပြခဲ့ကြသလို ရခိုင်ကျေးရွာသားတွေကလည်း သူတို့နဲ့ အရင်က အတူတူ ရွာချင်းကပ်ရက်နေခဲ့ကြတဲ့ မွတ်စလင်တွေ ထွက်ပြေးသွားကြလို့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ မှာ အလုပ်သမား လိုအပ်နေပုံတွေကို တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် AA နဲ့ မြန်မာတပ်ဖွဲ့တွေအကြား လတ်တလော တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့က ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ရခိုင်တိုင်းရင်းသားတွေကလည်း UNHCR အကြီးအကဲနဲ့ တွေ့ဆုံရာမှာ သူတို့နေရပ်ကျေးရွာတွေကို အမြန်ဆုံး ပြန်ချင်ကြကြောင်း ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

မဟာမင်းကြီး ဖိလစ်ပို ဂရမ်ဒီ ဟာ ကြာသပတေးနေ့ကတော့ UNHCR အကူအညီတွေ ပေးရေးအတွက်  မြန်မာအစိုးရ လူမှုဖူလုံရေးနဲ့ကယ်ဆယ်ရေး ဝန်ကြီးဌာနနဲ့ နားလည်မှုစာချွန်လွှာတစောင်ထိုးခဲ့ပါတယ်။  နိုင်ငံတခုလုံးမှာရှိတဲ့ နေရပ်စွန့်ခွာနေရသူတွေအတွက် အဖြေရှာကူညီဖို့ ဆက်လက်ကူညီမှာဖြစ်ကြောင်းလည်း သူက ထပ်မံပြီး ကတိပြုခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့