မြန်မာကိုးယောက် သေဆုံးရတဲ့ ဖူးခက်မြေပြိုမှုနဲ့ ဆက်စပ်ပြီး မြေနှစ်ဧကနီးပါးကို သိမ်း
2024.09.01
ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင် ကရွန်မြို့နယ်မှာ သြဂုတ် ၂၃ ရက်နေ့က မြန်မာ ကိုးယောက်အပါအဝင် လူ ၁၃ ယောက်သေဆုံးရတဲ့ မြေပြိုမှုနဲ့ ဆက်စပ်တယ်လို့ ယုံကြည်ရတဲ့အတွက် Nak Koet တောင်ထိပ်က မြေ နှစ်ဧကနီးပါးကို တော်ဝင် သစ်တောဦးစီးဌာနက စနေနေ့က သိမ်းဆည်းလိုက်တဲ့ အကြောင်း ဘန်ကောက်ပို့စ်သတင်းက မနေ့က ဖော်ပြပါတယ်။
သိမ်းလိုက်တဲ့မြေဟာ Wat Phra Yai ဘုရားကျောင်းဝင်းမှာ ရှိပြီး သစ်တောထိန်းသိမ်းရေးကြိုးဝိုင်းရဲ့ တစ်စိတ်တစ်ဒေသမှာ ပါဝင်တယ်လို့ ဖူးခက်တော်ဝင်သစ်တောဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။
ကနဦးစုံစမ်းချက်အရ ခွင့်ပြုချက်မရှိဘဲ ဘုန်းကြီးကျောင်းဝင်းထဲမှာ ယာဉ်ရပ်နားတဲ့ ဝင်း တစ်ဝင်းဆောက်လုပ်ထားတာတွေ့ရှိရတယ်လို့ ဆိုပါတယ်။ သြဂုတ်လ ၂၃ ရက် မနက်အစောပိုင်းမှာ မိုးသည်းထန်ပြီးနောက် မြေပြိုကျတဲ့အတွက် လူ ၁၃ ယောက်သေဆုံးပြီး အဆောက်အဦ ၅ဝ ကျော်ပျက်စီးရပါတယ်။
မြေပြိုတဲ့အတွက် သေဆုံးသွားတဲ့ မြန်မာကိုးယောက်ရဲ့ ဈာပနကို သြဂုတ် ၃၁ ရက်က ကျင်းပခဲ့တယ်လို့လည်း ဖူးခက်သတင်းက ဖော်ပြပါတယ်။ ဖူးခက်တာဝန်ရှိသူတွေလည်း ဈာပနအခမ်းအနား တက်ရောက်ခဲ့ပြီး လျော်ကြေးရရှိဖို့လည်း မြို့နယ်လူမှုဖူလုံရေးရုံးက ဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒီမြေပြိုမှုမှာ ဘုရားကျောင်းတာဝန် ရှိ-မရှိ စစ်ဆေးနေတယ်လို့ ကရွန်မြို့နယ် ရဲမှူးက ပြောတယ်လို့လည်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။