သက်သေထွက်ဆိုမယ့် ဦးဖြိုးမင်းသိန်းရဲ့ဇနီး ကျန်းမာရေးကြောင့် မလာရောက်

2021.11.05
သက်သေထွက်ဆိုမယ့် ဦးဖြိုးမင်းသိန်းရဲ့ဇနီး ကျန်းမာရေးကြောင့် မလာရောက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းနဲ့ ဇနီးကို ၂၀၁၈ ခုနှစ်က တွေ့ရစဥ်
Photo: RFA

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ဒေါ်လာတွေ ပေးခဲ့တယ်ဆိုတဲ့ အမှုအတွက် နိုဝင်ဘာလ ၅ ရက် ဒီနေ့ရုံးချိန်းမှာ ကိုယ်တိုင်ထွက်ဆိုမယ့် ဦးဖြိုးမင်းသိန်းရဲ့ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ် ကျန်းမာရေးကြောင့် မလာနိုင်လို့ နောက်အပတ်ရုံးချိန်းကို ရွှေ့လိုက်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ စွဲဆိုထားတဲ့ အမှုအတွက် ဒေါ်ခင်မိမိကြွယ် ကိုယ်တိုင် စစ်ကောင်စီရဲ့ တရားလိုပြသက်သေအဖြစ် ထွက်ဆိုမှာဖြစ်ပေမယ့် ဒီနေ့မလာတာကြောင့် မစစ်ဆေးဖြစ်ဘဲ နောက်အပတ်ရုံးချိန်းမှာမှ ထွက်ဆိုမှာဖြစ်တယ်လို့ ရှေ့နေတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီနေ့ရုံးချိန်းက နေပြည်တော် လရောင်တောမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ စိုက်ပျိုးအသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းလုပ်ဖို့ဆိုပြီး မြေကွက်ဧက ၁၀၀ ကျော်ယူတယ်ဆိုတဲ့ အမှုတွက် တရားလိုပြ သက်သေဖြစ်တဲ့ နေပြည်တော် စည်ပင်မြေယာဌာနမှူး ဦးစိုးနိုင်ကို စွပ်စွဲခံရသူတွေဘက်က အပြန်အလှန် စစ်မေးခဲ့ပါတယ်။

မြေကွက်ဧက ၁၀၀ ကျော်ယူတယ်ဆိုတဲ့အမှုဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့ နေပြည်တော် စည်ပင်ကော်မတီဝင် ဦးမင်းသူတို့ သုံးဦးကို စွပ်စွဲထားတဲ့အမှုဖြစ်ပါတယ်။

အလားတူ ဥတ္တရသီရိမြို့နယ်ထဲမှာ မြေဧက ၂၃ ဧကကျော် ရယူထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ မျိုးအောင်နဲ့ ဦးရဲမင်းဦး တို့ သုံးဦးကို စွပ်စွဲထားတဲ့အမှုအတွက်လည်း နေပြည်တော် စည်ပင်မြေယာဌာနမှူး ဦးစိုးနိုင်ကိုပဲ စွပ်စွဲခံရသူတွေရဲ့ ရှေ့နေဘက်က စစ်မေးခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေအားလုံးကို အမှုအကြောင်းအပြင် မပြောဖို့ ပိတ်ပင်ထားတဲ့အတွက် ဒီကနေ့ အပြန်အလှန်စစ်မေးချက် အသေးစိတ်ကိုတော့ မသိရပါဘူး။

အမှုတွေအားလုံးအတွက် နို၀င်ဘာလ ၁၂ ရက် နောက်တစ်ပတ် သောကြာနေ့ကို ပြန်လည်ချိန်းဆိုထား ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပုဒ်မ (၅၅) အပါ အဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ အရေးယူခံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Ye ye
2021-11-05 06:39

Revolution will succe