ပင်လုံစာချုပ်ကို ဆုပ်ကိုင်ထားဆဲလို့ KIO ဒု-ဥက္ကဋ္ဌ ပြော

2022.02.12
ပင်လုံစာချုပ်ကို ဆုပ်ကိုင်ထားဆဲလို့ KIO ဒု-ဥက္ကဋ္ဌ ပြော အမျိုးသားညီညွတ်​ရေးအစိုးရက စီစဥ်ကျင်းပတဲ့ ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅ နှစ်မြောက် အခမ်းအနားမှာ မိန့်ခွန်းပြောကြားတဲ့ ကချင်လွတ်လပ်​ရေး တပ်မ​တော် KIA ဒု-ဥက္ကဋ္ ဗိုလ်ချုပ်ကြီး ဂမ်​ရှောင်ကို ၂၀၂၂ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: U Yee Mon Facebook

တိုင်းရင်းသားတွေအနေနဲ့ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို ဆုပ်ကိုင်ထားဆဲပဲလို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကပြော ကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ ၇၅ နှစ်မြောက် အထိမ်းအမှတ်နေ့အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဦးဆောင်ပြုလုပ်တဲ့ အခမ်းအနားမှာ KIO ဒု-ဥက္ကဋ္ဌက ပြောခဲ့တာပါ။

စစ်အစိုးရ အဆက်ဆက်ဟာ ပင်လုံစာချုပ်ကို ပစ်ပယ်ထားခဲ့ကြပြီး ငြိမ်းချမ်းရေးကို အပေါ်ယံသဘောနဲ့ လိုသလို ပုံဖော်ခဲ့ကြတာတွေလည်း ရှိခဲ့တယ်လို့ KIO ဒု-ဥက္ကဋ္ဌက ဆိုပါတယ်။

"စစ်အာဏာရှင် အစိုးရအဆက်ဆက် ဖက်ဒရယ်မူကို ခွဲထွက်ရေးဖြစ်တယ်။ နိုင်ငံ ပြိုကွဲစေမယ့် မူဆိုပြီး နိုင်ငံရေးအာဏာကို ဆုပ်ကိုင်ထားနိုင်ဖို့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုရေးဆွဲကာ အကာအကွယ်ယူခဲ့ကြပါတယ်"

ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်နယ်တွေရဲ့ ရပိုင်ခွင့်တွေ၊ လူမျိုးရေးအရ လွှမ်းမိုးမှုမရှိစေရေး၊ ပြည်ထောင်စုက ခွဲထွက်ခွင့်စတဲ့ ကတိကဝတ်တွေပြုခဲ့ပြီး ဒါကို တောင်တန်းနေ တိုင်းရင်းသားတွေ အနေနဲ့ တန်ဖိုးထား စွဲကိုင်ထားဆဲပဲလို့လည်း ပြောပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) က ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပယ်ဖျက်ပြီးဖြစ်တဲ့အတွက် ဖက်ဒရယ် လမ်းကြောင်းဟာ ပွင့်သွားပြီလို့ သူက ဆိုပါတယ်။

(NUCC) ကလည်း အစိုးရအဆက်ဆက် ပင်လုံစာချုပ်ပါ ကတိကဝတ်တွေကို ချိုးဖောက်ခဲ့တာ၊ သမိုင်း တစ်လျှောက် ရက်ရက်စက်စက် ဖိနှိပ်အနိုင်ကျင့်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေအတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကို တောင်းပန်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် (NUG) အနေနဲ့ ဒီဖြစ်ရပ်တွေအတွက် နစ်နာသူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ တောင်းပန်ပြီး လုပ်ဆောင်သင့်တာတွေကို ဆက်လက်လုပ်ဆောင်ဖို့ ဆိုထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။