ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ရာကွတ်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဖေဖော်ဝါရီလ ၂၄ ရက် မနေ့က ဖနွမ်းပင်မြို့မှာ တွေ့ဆုံပြီး၊ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအရေးအပါအဝင် ဒေသတွင်း ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အေပီ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
တွေ့ဆုံမှုအပြီးမှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်ကို ခေါင်းဆောင်နှစ်ဦးလုံးက ထောက်ခံပြီး၊ မလေးရှားနိုင်ငံအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံက ခန့်အပ်တဲ့ အာဆီယံအထူးသံတမန်ရဲ့ လုပ်ဆောင်ချက်တွေကို အပြည့်အဝ ထောက်ခံကြောင်း ပါရှိပါတယ်။
အာဆီယံ အဖွဲ့ဝင်တွေဖြစ်တဲ့ မလေးရှားနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံလုံးဟာ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် အကူအညီပေးဖို့ ကြိုးစားနေကြပေမယ့် အာဏာသိမ်းစစ်ကောင်စီကို ဘယ်လိုနည်းလမ်းနဲ့ ချဉ်းကပ်မလဲဆိုတဲ့နေရာမှာ သဘောထားကွဲပြားမှုတွေ ရှိနေတယ်လို့ အေပီသတင်းက ဆိုပါတယ်။
အခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာ စစ်ခေါင်းဆောင်တွေကို အလျှော့ပေးဆက်ဆံလိုတဲ့ သဘောထား ရှိပြီး၊ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကို အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး ပြည်ပခေါင်းဆောင်တစ်ဦးရဲ့ အလည်အပတ် ခရီးစဉ်အဖြစ် ဝန်ကြီးချုပ်ဟွန်ဆန် သွားရောက်ခဲ့တာဟာ အာဏာသိမ်းထားတဲ့ စစ်တပ်ကို တရားဝင်မှု ရသွားစေတယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
မလေးရှားနိုင်ငံကတော့ မြန်မာစစ်ခေါင်းဆောင်ဟာ အာဆီယံနဲ့ ရထားတဲ့ အချက်ငါးချက်ပါ သဘောတူညီချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့အတွက် မြန်မာစစ်ခေါင်းဆောင်တွေကို တင်းမာတဲ့ ရပ်တည်ချက်နဲ့ ကိုင်တွယ်သွားဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး၊ အခြား အာဆီယံခေါင်းဆောင်တွေနဲ့ အရင်တိုင်ပင်သင့်တယ်လို့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက အပြစ်တင်ပြောကြားခဲ့တဲ့အကြောင်းနဲ့ ဒီလိုပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ်ဟာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ငံ့ခေါင်းဆောင်ကို မလေးမစား မလုပ်သင့်ဘူးလို့ ဝန်ကြီးချုပ် ဟွန်ဆန်က တုံ့ပြန်ပြောဆိုခဲ့တဲ့ အကြောင်း အေပီသတင်းမှာ ဖော်ပြထားပါတယ်။