ဆီဆိုင်တိုက်ပွဲမှာ စစ်မှုထမ်းသင်တန်းဆင်းတစ်ဦး ဖမ်းမိကြောင်း PNLA ပြော
2024.08.11
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ဩဂုတ်လ ၁၀ ရက် မနေ့ကဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းတစ်ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က ပြောပါတယ်။
ဖမ်းဆီးရမိသူဟာ စစ်ကိုင်းတိုင်း ရွှေဘိုမြို့က ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းတစ်ဦးဖြစ်ပြီး ဆီဆိုင်မြို့က စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့ထံ အပို့ခံရတာဟာ တစ်လခန့်သာ ရှိသေးတယ်လို့ PNLA ပြောခွင့်ရသူ ခွန်ရိမ်းယံက RFA ကို ပြောပါတယ်။
“ပြောရရင် ဒါက သေတွင်းထဲ ပို့လိုက်တာပဲ။ သေတွင်း ပို့နေတဲ့အချိန်မှာ ကိုယ်က ပါးနပ်၊ လိမ္မာမှ ရမယ်။ အတင်းခေါ်လို့ ပါသွားတာပဲဖြစ်ဖြစ်၊ ပေါ်တာဆွဲလို့ ပါသွားတာပဲဖြစ်ဖြစ်၊ ရှေ့တန်းပို့ခံရတဲ့ အချိန်မှာပဲဖြစ်ဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေ့ကို ကြိုးစားဆက်သွယ်ပြီးတော့ ဘက်ပြောင်းခိုလှုံပါလို့ တိုက်တွန်းချင်တယ်”
မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး သေနတ်တစ်လက်နဲ့ ဒရုန်းတစ်စင်း သိမ်းဆည်းရမိတယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က စစ်မှုထမ်းအမှတ်စဥ် (၁) သင်တန်းဆင်း လူငယ်နှစ်ဦးလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက ရှေ့တန်းစစ်မျက်နှာကို ပို့ဆောင်ခံခဲ့ရပြီး ဇူလိုင် ၃၀ ရက်နေ့က လားရှိုးတိုက်ပွဲမှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီကတော့ စစ်မှုတန်းသင်တန်း အမှတ်စဥ် (၄) အထိ ခေါ်ယူထားပြီး အမှတ်စဥ် (၄) အတွက် သင်တန်းဖွင့်ပွဲကို သြဂုတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။