စစ်ကောင်စီဥက္ကဋ္ဌနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ တွေ့ဆုံ

နေပြည်တော်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ ရောက်ရှိလာသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ကိုယ်စားလှယ်များကို တွေ့ရစဥ်
နေပြည်တော်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ ရောက်ရှိလာသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ကိုယ်စားလှယ်များကို တွေ့ရစဥ် (Photo: Myanmar Military)

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PNLO) ဒုတိယဥက္ကဋ္ဌ ဦးခွန်ထွန်းတင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဇွန် ၁၆ ရက် ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေ အကြမ်းဖျင်းဆွေးနွေးခဲ့ပေမယ့် ဒီကနေ့ဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းအပေါ် အပြန်အလှန် ဆွေးနွေးတာမျိုး မရှိခဲ့ဘူးလို့ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ PNLO တွဲဖက်အထွေ ထွေအတွင်းရေးမှူး (၁) ဗိုလ်မှူး ခွန်မင်းသိမ်းက RFA ကို ပြောပါတယ်။

PNLO ကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန် ဇွန် ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်လို့ ဗိုလ်မှူးခွန်မင်းသိမ်းက ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌက သူကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ်ဆိုပြီး ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့တာ ဧပြီ ၂၂ ရက်နေ့ကတည်းကပါ။ သူ့ရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီး တွေ့ဆုံဆွေးနွေးဖို့ အကြောင်းပြန်တာ NCA လက်မှတ်ထိုးထားတဲ့ခြောက်ဖွဲ့ နဲ့ NCA လက်မှတ်မထိုးရသေးတဲ့ သုံးဖွဲ့ စုစုပေါင်း ကိုးဖွဲ့ရှိပါတယ်။

အဲဒီထဲက NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (APL)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ NCA လက်မှတ်မထိုးရသေးတဲ့ ‘၀’ ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) နဲ့ မိုင်းလားအဖွဲ့ (NDAA) စုစုပေါင်း ခြောက်ဖွဲ့ကို စစ်ကောင်စီဥက္ကဋ္ဌက လက်ခံတွေ့ဆုံထားပါတယ်။

NCA ထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ NCA လက်မှတ်ထိုး မထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ကိုလည်း တွေ့ဆုံဖို့ ရှိနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ဖို့ ဆုံးဖြတ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ကိုးဖွဲ့ရှိနေပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) အပါအဝင် အဲ့ဒီထဲက အများစုဟာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌက တိုက်ပွဲဖြစ်ပွားနေတဲ့အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ ဇွန် ၁၄ ရက်နေ့မှာ ထပ်မံကမ်းလှမ်းခဲ့ပေမယ့် အများစုက ပယ်ချထားပါတယ်။