ပျဉ်းမနား နှစ်ငါးလုံးဆန္ဒပြပွဲ လူ ၁၀၀ ကျော် အဖမ်းခံရ

2021.02.22
Share on WhatsApp
Share on WhatsApp

ဒီကနေ့ ဖေဖော်ဝါရီလ ၂၂ ရက် နှစ်ငါးလုံး အထိမ်းအမှတ် နေပြည်တော် ပျဉ်းမနားမြို့ လူထုဆန္ဒပြပွဲကို ရဲနဲ့ စစ်တပ်က အင်အားသုံးဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူ ၁၀၀ ကျော်ကို ဖမ်းသွားတယ်လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့ သူတွေက ပြောပါတယ်။ သတင်းယူနေတဲ့ သတင်းထောက်တွေကိုလည်း သေနတ်နဲ့ချိန်ပြီး အင်အားသုံး ဖမ်းဆီးဖို့ ကြိုးစားတာကြောင့် ဝရုန်းသုန်းကားနဲ့ ထွက်ပြေးခဲ့ရပါတယ်။

နေပြည်တော်ကောင်စီ ၈ မြို့နယ်မှာ ပျဉ်းမနားမြို့ဟာ လူဦးရေအထူထပ်ဆုံးဖြစ်တာကြောင့် ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေအပါအဝင် အလွှာအသီးသီး က ပြည်သူ တစ်သိန်းကျော် ပါဝင်ခဲ့ပါတယ်။

သပိတ်စစ်ကြောင်းဟာ ဒီကနေ့မနက်အစောပိုင်းက ပျဉ်းမနားမြို့လယ် အထက(၁) အနီးကနေ စတင်ချီတက် ခဲ့ပြီး နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နဲ့ ပျဉ်းမနားမြို့ရဲ့ဆုံမှတ် နှင်းဆီပန်းအဝိုင်းမှာ နာရီဝက်ကြာ ထိုင်သပိတ် မှောက်ခဲ့ကြပါတယ်။

မနက် ၁၁ နာရီခွဲလောက်မှာတော့ ရဲကား ငါးစီး၊ ရေအမြှောက်ကားတစ်စီး၊ လူတွေကို ဖမ်းဖို့အသင့် လိုက်ပါ လာတဲ့ ရဲအချုပ်ကားနှစ်စီးနဲ့ စစ်ကားတစ်စီးတို့က ဆန္ဒပြလူအုပ်ကို အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။

လူစုကွဲသွားတဲ့ဆန္ဒပြသူတွေကို နီးစပ်ရာလမ်းကြားတွေထဲထိ လိုက်လံဖမ်းဆီးတာကြောင့် လူ ၁၀၀ ‌ကျော် အဖမ်းခံခဲ့ရတယ်လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

ရဲနဲ့ စစ်ကားအများအပြားဟာ မနက်ကတည်းက လူတစ်သိန်းကျော် စုဝေးနေတဲ့ နှင်းဆီပန်းအဝိုင်း၊ ရာဇဌာနီ လမ်းမကြီး၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရွာကောက်ရပ်ကွက် ၈၅ စစ်တပ်အနီး၊ ပျဉ်းမနား-တောင်ညို လမ်းမကြီးကနေ နေပြည်တော်မြို့လယ် လူစည်ကားရာ သပြေကုန်းအဝိုင်းဘက်ကို သွားတဲ့လမ်းမတွေကို ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။

လူအုပ်ကိုဖြိုခွင်းနေချိန်မှာပဲ အနီးကပ်ရိုက်ကူးနေတဲ့ သတင်းထောက်တွေကို ဖမ်းဖို့နဲ့ ကင်မရာတွေကို သိမ်းဖို့ စစ်တပ်အရာရှိတစ်ဦးက အမိန့်ပေးတာကြောင့် ရဲနဲ့စစ်သားတွေက သေနတ်တွေချိန်ပြီး လိုက်ဖမ်းခဲ့တဲ့အတွက် သတင်းထောက်အားလုံး ဘေးလွတ်ရာကို ထွက်ပြေးကြရပါတယ်။ အဲဒီအချိန်မှာ ရုတ်တရက်လဲကျပြီး ခြေထောက်ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း အမည်မဖော်လိုတဲ့ သတင်းထောက်တစ်ဦးကပြောပြပါတယ်။

ဒီကနေ့ဖြစ်စဉ်မှာ ရဲနဲ့စစ်သားတွေက လူတွေကိုသာမက ဆန္ဒပြသူတွေ ကျန်ရစ်တဲ့ ကားနဲ့ ဆိုင်ကယ်တွေကိုပါ သိမ်းဆည်းသွားတယ်လို့လည်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

လူငယ်တစ်ဦးကလည်း ဒီကနေ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ရဲနဲ့ စစ်တပ်က အင်အားသုံးဖြိုခွင်းခဲ့တဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို အခုလို ပြောပြပါတယ်။

ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့တွေဟာ အနီးမှာတွေ့တဲ့ ပျဉ်းမနားမြို့ ထေရဝါဒဗုဒ္ဓဘာသာ နာရေးကူညီမှုအသင်း ကားကို တားဆီးပြီး ကားပေါ်မှာပါလာသူတွေရဲ့ လက်ကိုင်ဖုန်း သုံးလုံးနဲ့ ကျပ်ငွေတစ်သိန်းကို သိမ်းဆည်း သွားတယ်လို့ သိရပါတယ်။

နေ့လည် ၁၂ နာရီလောက်မှာတော့ ပျဉ်းမနားဘက်က လူစုခွဲခံလိုက်ရတဲ့ ဆန္ဒပြသူတွေဟာ ကားတွေ ဆိုင်ကယ်တွေနဲ့ နေပြည်တော်က သပြေကုန်းဈေးနဲ့ မြို့မဈေး လမ်းမကြီးတွေမှာ လှည့်လည်ပြီး အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-02-22 04:23

We want democracy
We do not accept military coup

ဆိုက်တခုလုံးသို့