တာမွေ မေတ္တာညွန့်က စီးပွားရေးဘဏ်မှာ ရဲတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံး

2021.06.29
တာမွေ မေတ္တာညွန့်က စီးပွားရေးဘဏ်မှာ ရဲတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံး ရန်ကုန်တိုင်း တာမွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှာ ရဲတစ်ဦး ပစ်သတ်ခံရအပြီး ၂၀၂၁ ဇွန် ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှာဖွေစစ်ဆေးနေစဉ်
Photo: CJ

ရန်ကုန်တိုင်း တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းအနီး မြန်မာ့စီးပွားရေးဘဏ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဇွန်လ ၂၉ ရက်၊ ဒီနေ့မနက် ၁၁ နာရီခန့်က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရ ပါတယ်။

သေနတ်နဲ့ပစ်သတ်ခဲ့ရပြီးနောက် စစ်ကောင်စီတပ်တွေဟာ ရပ်ကွက်တွေထဲအထိ သေနတ်တွေနဲ့ ပြန်ပြီး လိုက်လံပစ်ခတ်ကာ လမ်းတွေကိုလည်း ပိတ်ဆို့တားဆီးကာ စစ်ဆေးနေတယ်လို့ အမည်မဖော်လိုတဲ့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

“ဒီဘက် အဝေရာထိပ်နားက စီးပွားရေးရုံးအရှေ့မှာ ရဲတစ်ယောက် အသတ်ခံရတယ် ကြားတယ်။ အဲလိုကြားပြီးနောက်မှာ သေနတ်ပစ်သံအချို့ကြားတယ်။ အဲဒါပြီးတော့ ဒီဘက်မှာ လမ်းပိတ်တာတွေ လုပ်တယ်။ တာမွေက အရှေ့မြင်းပြိုင်ကွင်းလမ်းရယ်၊ တောင်မြင်းပြိုင်ကွင်းလမ်းရယ်။ အဝေရာထိပ် စခန်းနားမှာလည်း လမ်းတွေပိတ်ထားတယ်လို့ ပြောတယ်“

တာမွေ ၁၆၄ လမ်းအနီးမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေပြီး ကားတွေကိုလည်း ရပ်တန့်စစ်ဆေးနေ တယ်လို့ ဆိုပါတယ်။ ရပ်မပေးတဲ့ ကားတွေကို သေနတ်နဲ့ ပစ်ခတ်တာတွေလုပ်ပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ ဆိုပါတယ်။ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ RFA က ဆက်ပြီးစုံစမ်းနေ ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ် သမိုင်း ၁ ရပ်ကွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ လဝက ရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲဝင်တွေက ရပ်ကွက်ထဲကို သေနတ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း ရန်ကုန်မှာပေါက်ကွဲမှုတွေ မကြာခဏဆိုသလို ဖြစ်လာနေတာကြောင့် စစ်ကောင်စီ တပ်တွေကလည်း နေရာအနှံ့မှာ လမ်းပိတ်စစ်ဆေးမှုတွေ ပိုလုပ်လာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။