အာဏာသိမ်းကာလ နိုင်ငံရေးအကျဉ်းသားတွေ ဆေးကုသခွင့်မရလို့ တစ်ရာကျော် သေဆုံး

RFA Burmese
2024.08.23
အာဏာသိမ်းကာလ နိုင်ငံရေးအကျဉ်းသားတွေ ဆေးကုသခွင့်မရလို့ တစ်ရာကျော် သေဆုံး ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့သည့် ကိုဖေမောင်စိမ်း၏ ဈာပနအခမ်းအနားအား တွေ့ရစဉ်။
RFA

 စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၁ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေတဲ့ အဖွဲ့ ခြောက်ဖွဲ့က ဩဂုတ်လ ၂၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေ ထောင်အတွင်းမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)နဲ့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) စတဲ့ အဖွဲ့တွေက ပူးတွဲထုတ်ပြန်ခဲ့တာပါ။

ဩဂုတ်လ ၁၉ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ နိုင်ငံရေးအကျဉ်းသား ကိုဖေမောင်စိမ်းဟာ စစ်ကြောရေးမှာ ရရှိခဲ့တဲ့ နံရိုးကျိုးဒဏ်ရာကို လွိုင်ကော်ထောင်မှာ လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် အရိုးတီဗီရောဂါခံစားခဲ့ရပြီး မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကလည်း ကျိုက်မရောအကျဉ်းထောင်ကနေ ဒိုက်ဦးအကျဉ်းထောင်ကို ပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဉ်းသူ လေးဆယ်ကျော်ကို မူယစ်ဆေးနဲ့ တရားမဝင်ပစ္စည်းတွေ တွေ့ရှိတယ်ဆိုကာ ထောင်အာဏာပိုင်တွေက ရိုက်နှက်တာ၊ လေးခွတွေနဲ့ ပစ်တာတွေ ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ဆေးကုသခွင့်မပေဘဲ တိုက်ပိတ်ထားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မေလ ၈ ရက်နေ့က ဒိုက်ဦးအကျဉ်းထောင်မှာ ဆေးကုသခွင့် အချိန်မီအလုံအလောက်မရတာကြောင့် အသက် ၃၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုလင်းလင်းထွန်း သေဆုံးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေအပေါ် ပုံစံမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်နေသူတွေကို စနစ်တကျ မှတ်တမ်းတင်ဖော်ထုတ်ပြီး ကျူးလွန်တဲ့အဆင့်အလိုက် အပြစ်ပေးအရေးယူနိုင်တဲ့အထိ ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၂၃ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်လို့ လူပေါင်း နှစ်သောင်းကျော် (၂၀,၇၈၁ ဦး) ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ကိုးထောင်ကျော် (၉၃၄၁ ဦး) က ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။