လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် ဒိုက်ဦးထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး
2025.01.12

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုမျိုးမင်းဦးဟာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် ဇန်နဝါရီလ ၁၀ ရက်နေ့က သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဇန်နဝါရီ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကိုမျိုးမင်းဦးကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က အလုံမြို့နယ်မှာ စစ်ကောင်စီဖမ်းဆီးခဲ့ပြီးနောက် ၂၀၂၄ခုနှစ် မေလ ၃၁ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
အသက် ၃၀ ကျော်အရွယ် ကိုမျိုးမင်းဦးဟာ ဒိုက်ဦးအကျဉ်းထောင်ကို ရောက်သွားချိန်မှာ ဆီးကျောက်ရောဂါ ပြင်းထန်လာတာကြောင့် ပဲခူးပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသနေရင်း သေဆုံးခဲ့တာလို့ PPNM ရဲ့ ဦးဆောင်ကော်မတီဖြစ်သူ ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
"ထောင်ပိုင်နဲ့ ထောင်ရုံဆရာဝန်တို့က ဝေဒနာ ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ ကိုမျိုးမင်းဦးကို အချိန်ကြာကြာ ကျန်းမာရေးစောင့်ရှောက်မှု တကယ်မပေးခဲ့ဘူး။ နောက်ဆုံး ဒီဇင်ဘာလ ၂၆ နေ့ကျမှ ပဲခူးပြည်သူ့ဆေးရုံကြီးကို ပို့ပေးခဲ့တာလို့ကြားတယ်။ အဲဒီနောက်မကြာဘူး၊ ဆေးကုသမှုကောင်းကောင်းမရခဲ့တော့ ဆေးရုံမှာပဲ ဇန်နဝါရီလ ၁၀ ရက်နေ့က ကျဆုံးသွားခဲ့ရတာ။ ကျွန်တော်တို့ အကျဉ်းသားတွေအားလုံးကို ဆေးကုသမှုကောင်းကောင်းရဖို့ အမြဲတောင်းဆိုတိုက်တွန်းခဲ့ပေမဲ့ အကျဉ်းဦးစီးဌာနတွေအားလုံးက လိုက်လုပ်ပေးတာမျိုး မရှိခဲ့ဘူး"
ကိုမျိုးမင်းဦး သေဆုံးခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ မိသားစုဝင်တွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
အကျဉ်းသားတွေ ဆေးဝါးကုသမှု လုံလုံလောက်လောက်မရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက်မရတာကြောင့် နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၃၄ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေကတော့ ထောင်အာဏာပိုင်တွေအနေနဲ့ မိသားစုဝင်တွေ ပေးပို့တဲ့ ဆေးဝါးတွေကို လက်ခံဖို့၊ အကျဉ်းထောင်ထဲ ဆေးဝါးလုံလောက်စွာ ထားရှိဖို့၊ လုံလောက်တဲ့ ဆေးကုသမှုပေးဖို့နဲ့ အရေးကြီးလူနာတွေကို ထောင်ပြင်ပ ဆေးရုံတွေမှာ အချိန်နဲ့တစ်ပြေးညီ ကုသခွင့်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၂၈,၁၈၈ ဦး ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။