အိုးဘိုထောင်တွင်း အစာငတ်ခံ ဆန္ဒပြပွဲကို ဦးဆောင်သူ ရန်ကုန် ပညာရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း၊ ဗကသများ အဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးမှူးဟောင်း ကိုနောင်ထက်အောင်ဟာ အရိုက်ခံရတဲ့အတွက် ဒဏ်ရာပြင်းထန်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ မန္တလေး အခြေစိုက် ဗကသကျောင်းသားတစ်ဦးက RFA ကို ပြောပါတယ်။
“ခုနောက်ဆုံး သိရသလောက် ကိုနောင်က ရှေ့သွားသုံးချောင်းကျိုးတယ်။ ကျောကွဲသွားတယ်။ ခေါင်းကွဲတယ်။ အဲဒီမှာ ဆေးကုသခွင့်လည်း မရဘူး။ မန္တလေး ပညာရေးကောလိပ်က ကိုအောင်နိုင်သူဆိုရင်လည်း အရိုက်ခံရတယ်။ သူတို့ နှစ်ယောက်အပါအဝင် အားလုံး ၁၉ ယောက်လောက် ရိုက်နှက်ပြီး တိုက်ပိတ်ခံရတယ်လို့ သိရတယ်။ ထောင်တွင်း အစာငတ်ခံ တိုက်ပွဲရဲ့နောက်ဆက်တွဲပဲဗျ”
ကိုနောင်ထက်အောင်ရဲ့ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ကိုနောင်ထက်အောင်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားသဖြင့် သေဒဏ်ပေးစီရင်ခြင်းကို သပိတ်မှောက်တဲ့ အနေနဲ့ သြဂုတ် ၁ ရက်က စတင်ပြီး အစာငတ်ခံဆန္ဒပြနေတာလည်း ဖြစ်ပါတယ်။
ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်ပြီးတဲ့နောက် မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြပွဲတွေ ဦးဆောင်ပြုလုပ်နေတဲ့ ဗကသကျောင်းသား ၁၉ ယောက်ဟာ ထောင်အာဏာပိုင်တွေနဲ့ အခြားရာဇဝတ် အကျဉ်းသားတွေရဲ့ ရိုက်နှက်တာ ခံခဲ့ရပြီး လက်ရှိမှာ တိုက်ပိတ်ခံထားရတယ်လို့ အိုးဘိုထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရာဇဝတ် အကျဉ်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြဿနာ ဖြစ်အောင် ထောင်အာဏာပိုင်တွေဘက်က ရန်တိုက် ဖန်တီးခဲ့တယ်လို့လည်း ဆိုကြပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေရဲ့ထောင်ဝင်စာ ပစ္စည်းတွေကို ရာဇဝတ် အကျဉ်းသားတွေက ဖြတ်ယူ၊ နှိုက်ယူတာတွေ စပြီး ဆူပူမှုတွေ ဖြစ်တဲ့အခါ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေဟာ ရာဇဝတ် အကျဉ်းသားတွေကိုမြှောက်ပေးပြီး နိုင်ငံရေး အကျဉ်းသားတွေကို ရိုက်ခိုင်းခဲ့တာလို့ ဗကသ ကျောင်းသားတွေက ပြောပါတယ်။
အိုးဘိုထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က အချက်လေးချက်ပါ ကြေညာချက်တစ်စောင်ကို ထောင်ထဲကနေ ထုတ်ပြန်ခဲ့ပါသေးတယ်။
ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့ အပါအဝင် လေးဦးကို လက်တွေ့သေဒဏ်စီရင် လိုက်တဲ့အတွက် မတရားတဲ့ တရားစီရင်ရေးနဲ့ သေဒဏ်ချမှတ်မှုကို ကန့်ကွက်ကြောင်း၊ သေဒဏ်စီရင်ခံခဲ့ရသူတွေကို နိုင်ငံ့သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ထထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
ဒါ့အပြင် ဒီလိုပေးဆပ်ခဲ့တာတွေအတွက် အချည်းအနှီး မဖြစ်စေဘဲ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပိုမိုစည်းလုံး ညီညွတ်စွာနဲ့ ပူးပေါင်းတိုက်ပွဲဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ တရားစီရင်ရေးစနစ်ကို ပူးပေါင်းပါဝင်တော့မှာ မဟုတ်ဘဲ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ကစပြီး တရားရုံးတွေကို သပိတ်မှောက်ကာ တရားမျှတမှု ရရှိရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် တောင်းဆိုသွားမယ်လို့လည်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ အိုးဘိုထောင်တွင်း သတင်းတွေကို ဖုံးကွယ်ထားတာကြောင့် ပြည်သူတွေ အနေနဲ့ ထောင်တွင်းတိုက်ပွဲတွေအပေါ် အာရုံစိုက်ပေးကြဖို့ ပညာရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂကလည်း တိုက်တွန်းထားပါတယ်။