လူသေဆုံးရတဲ့အထိ အကျဉ်းထောင်တွင်းက ညှဉ်းပန်းနှိပ်စက်မှုဖြစ်ရပ်တွေကို ဆန့်ကျင်ကြောင်း အကျဉ်းထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေက နည်းမျိုးစုံနဲ့ဆန္ဒပြနေတယ်လို့ ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) က ဇွန်လ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇွန်လဆန်းပိုင်းမှာပဲ အကျဉ်းထောင်တွင်းက ဆန္ဒပြလှုပ်ရှားမှုဓာတ်ပုံတွေကို တကသများ-ရန်ကုန်အဖွဲ့က လက်ခံရရှိခဲ့တာဖြစ်ပြီး အကျဉ်းသားတွေရဲ့လုံခြုံရေးကြောင့် ဘယ်မြို့နယ်က အကျဉ်းထောင်တွေဆိုတာကို ထုတ်ဖော်ပြောဆိုမထားပါဘူး။
နိုင်ငံရေးအကျဉ်းသားတွေဟာ "လုံးဝအုပ်ချုပ်ခွင့်မရစေရ၊ တော်လှန်ရေးပန်းတိုင်ဆီ ငါတို့အလောင်းတွေ နင်းပြီးသွားကြ၊ ဆက်လက်တော်လှန်ကြ၊ You, UN, ICRC, AI are invited to see murder play" စတဲ့ ဆောင်ပုဒ်တွေကိုင်ဆောင်ပြီး အကျဉ်းထောင်တွေ အတွင်းမှာပဲ ဆန္ဒပြခဲ့ကြပါတယ်။
အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ အပြာရောင်ထောင်ဝတ်စုံနောက်ကျောမှာ သာယာဝတီထောင်၊ ဒိုက်ဦးထောင်နဲ့ အင်းစိန်ထောင်တို့မှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားတဲ့ ကိုပြည့်ဖြိုးဝင်း၊ ကိုသန့်ဇင်ဝင်းနဲ့ ကိုအောင်အောင်တို့ရဲ့ နာမည်တွေကို ရေးထိုးဆန္ဒပြတာလည်း ရှိခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေဟာ သူ့တို့ရဲ့အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ စစ်အာဏာရှင် စနစ် ကျဆုံးရေးအတွက် လူထုကိုနှိုးဆော်နေတာလို့ တကသများ-ရန်ကုန်ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
"နိုင်ငံရေးအကျဉ်းသားတွေ ဖိနှိပ်ခံနေရတယ်။ အသတ်ခံနေရတယ်။ ဒါတွေကို သူတို့သိရှိတယ်။ သူတို့တို့ကိုယ်တိုင်လည်း အဲဒီနေရာမှာ ဖြစ်သွားနိုင်တယ်ပေါ့။ ဒီအခြေအနေကို ဘယ်သူမှမကယ်နိုင်ဘူးဆိုတာ သူတို့နားလည်တယ်။ အဲဒီအတွက် လူထုက သူတို့ကိုအာရုံမစိုက်ဘဲ တော်လှန်ရေးကို အာရုံစိုက်ကြဖို့ပေါ့။ သူတို့ရဲ့ အလောင်းတွေကိုနင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို ချီတက်ကျဖို့ သူတို့တောင်းဆိုကြတာ"
အကျဉ်းထောင်တွင်း ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
အကျဉ်းသားတွေအရေး စွမ်းဆောင်နိုင်မှုအားနည်းနေတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) တို့အနေနဲ့လည်း စစ်ကောင်စီရဲ့ လူသတ်ပြဇာတ်ကို အထူးတန်းက ဆက်ကြည့်ကြပါဆိုပြီး လက်ရှိ အကျဉ်းထောင်တွင်း ဆန္ဒပြမှုနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
၂၀၂၃ ခုနှစ်၊ မေလထဲမှာ ဒိုက်ဦးထောင်၊ သာယာဝတီထောင်နဲ့ မြင်းခြံထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်စစ်ဆေးလို့ နှစ်ဦးသေဆုံးခဲ့သလို၊ တချို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၃၀ ရက် စာရင်းအရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၁၈,၉၀၁ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၆,၂၅၇ ဦး ထောင်ချခံထားရပါတယ်။