ရွှေဝါရောင်ဆရာတော် အကြမ်းဖက်ပုဒ်မနဲ့ အင်းစိန်ထောင် ပို့ဆောင်ခံရ

RFA Burmese
2024.12.06
ရွှေဝါရောင်ဆရာတော် အကြမ်းဖက်ပုဒ်မနဲ့ အင်းစိန်ထောင် ပို့ဆောင်ခံရ ၂ဝ၂၃ ခုနှစ်နှောင်းပိုင်းက အမေရိကန်ပြည်ထောင်စုအတွင်း တွေ့ရသည့် ဆရာတော် ဦးပညာဇောတ။
Facebook / Wisdom Light

အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း ဆရာတော် ဦးပညာဇောတကို ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်တိုင်း မင်္ဂလာဒုံခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ပြီး အင်းစိန်ထောင်ကို ပို့ဆောင်လိုက်တယ်လို့ ဆရာတော်နဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။

ဆရာတော်ကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ အပါအဝင် ပုဒ်မသုံးခုနဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်ကို ဆက်လက် ပို့ဆောင်လိုက်တာလို့ ဒီအမှုကို အနီးကပ် စောင့်ကြည့်နေတဲ့ အင်းစိန်ထောင်နဲ့နီးစပ်တဲ့ ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

“ဆရာတော်ကို မင်္ဂလာဒုံ ခရိုင်တရားရုံးမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) အပါအဝင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တို့နဲ့ တရားစွဲပါတယ်။ အမှုအခြေအနေအရ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၀ (ည) ဟာ အနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ကျနိုင်တဲ့ပြစ်ဒဏ်ဖြစ်တာမို့ မင်္ဂလာဒုံ ခရိုင်တရားရုံးမှာ စစ်ဆေးနိုင်ပါတယ်။ ကျန်နှစ်မှုဖြစ်တဲ့ ၅၀၅-က ကိုတော့ အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ ဆက်လက်စစ်ဆေးနိုင်ပြီး ပုဒ်မ ၆၆ (ဃ) ကိုတော့ မင်္ဂလာဒုံ မြို့နယ်တရားရုံးမှာ စစ်ဆေးနိုင်ပါတယ်”

အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ ၅၀ (ည) ဟာ စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ပတ်သက်ဆက်နွှယ်သူတွေကို စွဲဆိုလေ့ရှိတဲ့ ပုဒ်မဖြစ်ပေမဲ့ ဆရာတော် ဦးပညာဇောတကို ဘာကြောင့် ဒီပုဒ်မနဲ့ အမှုဖွင့်ထားတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဆရာတော်ကို မင်္ဂလာဒုံ မြို့မရဲစခန်း စခန်းမှူးက တရားလိုပြုလုပ်၊ စွဲဆိုထားတာဖြစ်ပြီး မင်္ဂလာဒုံမြို့နယ် သံဃာ့နာယကအဖွဲ့က လူဝတ်လဲစေပြီးမှ တရားရုံးကို ထုတ်ခဲ့တာလို့ ဆိုပါတယ်။

ဆရာတော် ဦးပညာဇောတကို စစ်ကောင်စီရဲ့ အရပ်ဝတ်ထောက်လှမ်းရေးတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်က ရန်ကုန်မြို့၊ စော်ဘွားကြီးကုန်းနားမှာ ဖမ်းဆီးသွားပြီးနောက် မနေ့ကမှ ပထမဆုံး ရုံးထုတ်ပြီး အင်းစိန်ထောင်ကို ပို့ဆောင်လိုက်တာလို့ ဆရာတော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဆရာတော်ဟာ လက်ရှိ အင်းစိန်အကျဥ်းထောင်က ထောင်မကြီးအဆောင်မှာ ထိန်းသိမ်းခံထားရတယ်လို့ အမည်မဖော်လိုတဲ့ ဆရာတော်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဆရာတော်ကတော့ အင်းစိန်ထောင်ထဲက သီးသန့်ဆောင်မှာမရှိဘဲ ထောင်မကြီးမှာ ထိန်းသိမ်းထားတယ်လို့ သိထားရတယ်”

ဆရာတော်က အသက် ၆၀ အရွယ် ရှိနေပြီဖြစ်ပြီးတော့ ဆီးချိုဝေဒနာ ခံစားနေရသူဖြစ်တယ်လို့ ဆရာတော်နဲ့ နီးစပ်သူ နောက်တစ်ဦးက RFA ကို ပြောပါတယ်။

ဆရာတော် ဦးပညာဇောတဟာ ၁၉၉ဝ မှာ အစိုးရကိုဆန့်ကျင်မှုနဲ့ ထောင်ချခံရတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း ဖြစ်ပြီး ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။ အဲဒီနောက် နောက်တစ်ကြိမ် အဖမ်းမခံရအောင် အမေရိကန် ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချပြီး နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာ သီတင်းသုံးနေထိုင်ရင်း မြန်မာပြည် သာသနာပြုကိစ္စတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အဲဒီနောက် သာသနာရေးကိစ္စတစ်ခုနဲ့ မြန်မာနိုင်ငံကို တရားဝင်ဗီဇာနဲ့ ပြန်လာစဥ် အဖမ်းခံခဲ့ရတာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က ဒီနေ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ သူ့အနေနဲ့ မသိရှိရသေးဘူးလို့ ပြောပါတယ်။

အလားတူ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်ချက် မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။