ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ ရိုက်နှက်ခံရ

RFA Burmese
2024.08.20
ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ ရိုက်နှက်ခံရ ဒိုက်ဦးဗဟိုအကျဉ်းထောင်အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွေ့ရစဥ်။
Myanmar Military

ပဲခူးတိုင်း ဒိုက်ဦးထောင်မှာ ဩဂုတ်လ ၁၉ ရက်နေ့က ထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသူတွေကို ရိုက်နှက်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသူ ခုနစ်ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

အကျဉ်းဦးစီးဌာနရဲ့ အမျိုးသားဝန်ထမ်းနဲ့ အမျိုးသမီးဝန်ထမ်းတွေဟာ မွန်ပြည်နယ် ကျိုက်မရောထောင်ကနေ ပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦးကို တရားမဝင်ပစ္စည်းသယ်ဆောင်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသမီးအဆောင်ထဲ ၀င်ရောက်ခေါ်ဆောင်ချိန် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရိုက်နှက်ခံရတာလို့ ဆိုပါတယ်။

အဲဒီရိုက်နှက်မှုဖြစ်ရပ်ကြောင့် နိုင်ငံရေးအကျဉ်းသူ ခုနစ်ဦးခန့် ဒဏ်ရာရခဲ့ပြီး ဒီနေ့အထိ ဆေးကုသပေးတာမျိုး မရှိဘူးလို့ PPNM ရဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

“သူတို့ အဓိက ရိုက်နှက်သွားတာက ကျိုက်မရောထောင်က ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသူ သုံးဦးပါတယ်။ ဒိုက်ဦးမှာ နဂိုမူလကတည်းက ဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ နှစ်ဦးနဲ့ အင်းစိန်ထောင်က ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသူ နှစ်ဦးပါတယ်။ စုစုပေါင်း ခုနစ်ဦးကို အဓိကထားပြီး ရိုက်နှက်တာ။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသူနဲ့ တခြားအကျဉ်းသူတချို့လည်း လေးခွမှန်တာတွေ ရှိတယ်။ ဒဏ်ရာရတဲ့သူတွေ ဒီနေ့မနက်အထိ ဆေးဝါးကုသမှု မရရှိဘူး”

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ရုံးကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ဒိုက်ဦးထောင်က နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ရိုက်နှက်တာ၊ ဆဲဆိုတာနဲ့ တရားမဝင် ငွေကြေးကောက်ခံမှုတွေ ရှိနေပြီး လူအခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ PPNM က ဩဂုတ်လ ၁၅ ရက်နက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၁၉ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်လို့ လူပေါင်း နှစ်သောင်းကျော် (၂၀,၇၆၃ ဦး) ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ကိုးထောင်ကျော် (၉၃၃၈ ဦး) က ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။