အင်းစိန်ထောင်ထဲ ဆန္ဒပြလို့ နိုင်ငံရေးအကျဉ်းသား ၂၀ ခန့် တိုက်ပိတ်ခံထားရ
ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ဇူလိုင် ၂၃ ရက် မနေ့က နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြခဲ့ကြတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရိုက်နှက်ဖြိုခွဲခံရပြီးနောက် ဦးဆောင်ပါဝင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ကိုဇော်ထက်နိုင် ခေါ် ဆစ်နိုင်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေ တိုက်ပိတ်ခံထားရတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က မနေ့က သတင်းထုတ်ပြန် ပါတယ်။
ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခုလို ဆန့်ကျင်တာဟာ စစ်အာဏာရှင်ဆန့်ကျင်မှု အရှိန်မြှင့်ဖို့ တွန်းအားဖြစ်စေတယ်လို့လည်း ရေးထားပါတယ်။
အင်းစိန်ထောင်နဲ့ တခြားထောင်တွေမှာ ထောင်တွင်းကျန်းမာရေး ထောက်ပံ့မှု မရှိတာ၊ ထောင်ဝင်စာ ပိတ်ပင် တာနဲ့ တခြားဖိနှိပ်တာတွေကြောင့် အကျဉ်းထောင် ဝန်ထမ်းတွေ အပါဝင် နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြ ခဲ့တာ၊ အခုချိန်မှာ ထောင်တွေ၊ စစ်ကြောရေးနေရာတွေမှာ မတရားဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ပြည်သူ၊ ရဟန်းသံဃာတွေဟာ စစ်အာဏာရှင်စနစ်ရဲ့ ညှဉ်းပန်းနှိပ်စက်တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ ဖိနှိပ်တာတွေမက ကိုဗစ်နိုင်တင်း ကပ်ရောဂါအတွက် ကျန်းမာရေး အထောက်ပံ့တွေ မရတာကြောင့် မတရား အဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးနေပြီလို့လည်း ထုတ်ပြန်ထားပါတယ်။
တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း အယောက် ၂၀ လောက်ရှိတယ်လို့လည်း အင်းစိန်ထောင် ဆန္ဒပြမှုနဲ့ပတ်သက်ပြီး စုံစမ်းနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်ခံရတာတွေကြောင့် ဒဏ်ရာရတဲ့သူတွေရှိပေမယ့် ဘယ်နှစ်ယောက်အထိ ဒဏ်ရာရသလဲဆိုတာတော့ သတင်းအတိကျ မရသေးဘူးလို့လည်း ပြောပါတယ်။
မနေ့ကလည်း အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်၊ နော်ဝေ၊ ဩစတြေးလျ စတဲ့ နိုင်ငံ ၁၅ ခုက မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံတွေကလည်း အင်းစိန်ထောင် ဆန္ဒပြမှုကို ငြိမ်းချမ်းစွာဖြေရှင်းဖို့၊ ဖမ်းဆီးထား သူတွေရဲ့ကျန်းမာရေးကို စောင့်ရှောက်ဖို့နဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ စုပေါင်းကြေညာချက် ထုတ် ပြန်ထားပါတယ်။