အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသူ နှစ်ဆယ်ခန့် ရိုက်နှက်ခံရ

RFA Burmese
2024.07.25
အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသူ နှစ်ဆယ်ခန့် ရိုက်နှက်ခံရ ရန်ကုန်မြို့ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်အဆောက်အအုံကို ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
AFP

ရန်ကုန်တိုင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ဇူလိုင်လ ၂၁ ရက်နေ့က အကျဉ်းသူ နှစ်ဆယ်ခန့် ရိုက်နှက်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့ (WOPP) ရဲ့ တာန်ခံ မဇူးဇူးမေယွန်းက ပြောပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့ ည ၉ နာရီဝန်းကျင်က အသက်ရှူလမ်းကြောင်းရောဂါ ခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦးဟာ အခြားအကျဉ်းသူတွေဆီက ဆေးဝါးအကူအညီ တောင်းခံခဲ့တာကြောင့် တိုက်ပိတ်ခံလိုက်ရပါတယ်။

အဲဒီနောက် တိုက်ပိတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသူကို ပြန်ထုတ်ပေးဖို့နဲ့ ဆေးကုသခွင့်ရဖို့ တောင်းဆိုခဲ့တာကြောင့် ရိုက်နှက်ခံခဲ့ရတာလို့ မဇူးဇူးမေယွန်းက RFA ကို ပြောပါတယ်။

"ကျန်တဲ့ နိုင်ငံရေးအကျဉ်းသူတွေက သူက အသက်ရှူလမ်းကြောင်းမကောင်းတဲ့ ကျန်းမာရေးအခြေအနေဖြစ်နေတယ်၊ ပြန်ထုတ်ပေးပါလို့ တောင်းဆိုတဲ့အခါမှာ ထောင်အာဏာပိုင် ဝန်ထမ်းအမျိုးသားတွေ အင်အားအလုံးအရင်းနဲ့ ရိုက်နှက်မှုတွေ ဖြစ်ခဲ့တယ်ပေါ့နော်"

ဒီအတွက် ဆေးကုသခွင့်ရဖို့ တောင်းဆိုခဲ့တဲ့ အမျိုးသမီး ထောင်ကျအကျဉ်းဆောင် (မကျ - ၁) နဲ့ (မကျ - ၂) အဆောင်က အကျဉ်းသူတွေကို ဇူလိုင်လ ၂၁ ရက်နေ့မှာ ထောင်အရာရှိ ဦးဆောင်တဲ့ ထောင်ဝါဒါအဖွဲ့က ရိုက်နှက်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသူ နှစ်ဆယ်ခန့် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူရဲ့ ရောဂါအခြေအနေနဲ့ ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေရဲ့ နာမည်တွေကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့ (WOPP) ရဲ့ တာဝန်ခံက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့တုန်းက နိုင်ငံတစ်ဝန်းက တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေ မိသားစုနဲ့ တွေ့ခွင့်ရဖို့၊ ထောင်ဝင်စာရဖို့အတွက် နိုင်ငံရေးအကျဥ်းသားအရေး ကူညီပေးနေတဲ့အဖွဲ့ ရှစ်ဖွဲ့က တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။