ပုဏ္ဏားကျွန်းမြို့ကို AA သိမ်းပိုက်လိုက်ကြောင်း ဒေသခံတွေပြော

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀) တပ်ရင်းကို မတ်လ ၄ ရက်နေ့မှာ သိမ်းပိုက်ပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲသုံးလကျော်အတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ တောင်ပြို၊ ပုဏ္ဏားကျွန်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့ စုစုပေါင်းရှစ်မြို့နယ်ကို (AA) က သိမ်းပိုက်ထားပါတယ်။

ပုဏ္ဏားကျွန်းမြို့ကို (AA) သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က အနီးဝန်းကျင်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလာကြဲခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခု ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို (AA) က သိမ်းလိုက်ပါပြီ။ စစ်ကောင်စီတပ်တစ်ခုမှ မရှိတော့ပါဘူး။ မနေ့က (AA) က သိမ်းပြီးနောက်မှာ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ လာပြီးပစ်တာရှိတယ်။ တောဖျားချောင်းဒေသ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်း တံတားကိုလည်း လာပစ်တာရှိတယ်။ ပုဏ္ဏားကျွန်းပြီးရင် ရသေ့တောင်ဘက်ကို ကူးလာမှာစိုးလို့ထင်ပါတယ်”

လက်ရှိအချိန်အထိတော့ ဒေသခံတွေကို မြို့ထဲဝင်ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် (AA) ကလည်း ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျန်ရှိနေတဲ့ ခမရ (၅၅၀) ကို မတ်လ ၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကိုပါ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အဲဒီနေ့ညမှာပဲ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ရသေ့တောင် - ပုဏ္ဏာကျွန်းကားလမ်း စေတီပြင်တံတားနဲ့ တခြားနေရာတချို့ကို မနေ့ညက ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ (၁၂) ကြိမ် လာရောက်ဗုံးကြဲခဲ့တယ်လို့လည်း ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့ကို (AA) သိမ်းလိုက်တဲ့အပေါ် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ရက္ခိုင့်တပ်တော် (AA) ဟာ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ရမ်းဗြဲစတဲ့ မြို့တွေကိုလည်း တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။