ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှာ မတ်လ ၁၄ ရက် ဒီနေ့ မနက်က စစ်ကောင်စီတပ် ရေယာဉ်ပေါ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံ တွေက RFA ကို ပြောပါတယ်။
သေဆုံးသူတွေဟာ ပေါက်တောမြို့နယ် ဆယ်သိန်းတန်ရွာက ဦးစိန်ထွန်းကျော်၊ ဦးဦးလှမောင်နဲ့ ဦးမောင်လှချေတို့ ဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ အခြေအနေကို ဝင်ရောက်ကြည့်ရှုနေစဉ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံး သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တစ်ယောက်က ပွဲချင်းပြီးသေသွားတယ်။ နောက်နှစ်ယောက်က ဆေးကုဖို့သွားတဲ့ လမ်းမှာပဲ သေသွားတယ်။ ကျန်တဲ့သူတွေလည်း ခြေပြတ်၊ လက်ပြတ်နဲ့ ဒဏ်ရာအတော်လေးပြင်းထန်ပါတယ်။ နေဗီပေါ်ကနေ လှမ်းပစ်တာလို့ သိရပါတယ်။ သူတို့က မြို့အပျက်အစီးအခြေအနေကို ဝင်ကြည့်တဲ့အခါ လက်နက်ကြီး ကျတာပါ။ ဆိုင်ကယ်တစ်စီး ဆီကုန်သွားတော့ တွန်းနေတဲ့အချိန်မှာ ကျတာလို့ သိရပါတယ်”
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ရွာမှာ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ပုဏ္ဏားကျွန်းမြို့ကို လက်လွှတ်လိုက်ရပေမယ့် စစ်တွေတပ်နယ်ထဲကနေ ဒရုန်းတွေနဲ့ နေ့စဉ်စောင့်ကြည့်နေပြီး လူအသွားအလာတွေ့ရင် လက်နက်ကြီးတွေနဲ့ လှမ်းပြီးပစ်လေ့ရှိတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီပြေဆိုချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ကုလသမဂ္ ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ မတ်လ ၃ ရက်နေ့အထိ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ အခု တစ်ကျော့ပြန်တိုက်ပွဲအတွင်း သေဆုံးတဲ့ အရပ်သား ၁၇၀ ကျော်နဲ့ ဒဏ်ရာရသူ လေးရာကျော်အထိ ရှိနေပါတယ်။