ဒုက္ခသည် ပြန်လည်ခေါ်ယူရေး ဒီဇင်ဘာလကုန်အထိ ရွှေ့ဆိုင်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေးလုပ်ငန်းကို ဒီဇင်ဘာလကုန်ပိုင်းအထိ ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ စပြီး ၁ ရက်ကို ၁၅၀ နှုန်းနဲ့ စုစုပေါင်း ဒုက္ခသည် ၂၂၀၀ ကျော်ကို ပထမအသုတ် အနေနဲ့ ပြန်လည်လက်ခံဖို့ နှစ်နိုင်ငံ အစိုးရအကြား မူလက သဘောတူထားတာဖြစ်ပါတယ်။

ဒါပေမဲ့ ပြန်လည်လက်ခံမယ့်နေ့မှာ ဒုက္ခသည်စခန်းတချို့မှာ ဆန္ဒပြတာတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ပြန်လည် လွှဲပြောင်းမယ့် အစီအစဉ်က မအောင်မမြင် ဖြစ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း မကြာခင် အချိန်အတွင်း ရွေးကောက်ပွဲကျင်းပဖို့ ရှိနေတာကြောင့် ပြန်လည် လွှဲပြောင်းမယ့် အစီအစဉ်ကို ဒီဇင်ဘာလကုန်ပိုင်းအထိ ရွှေ့ဆိုင်းဖို့ သဘောတူလိုက်တာဖြစ်ကြောင်း အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။