အစိုးရစီမံကိန်းတွေအပေါ် အရေးကြီးအဆိုတင်တာ နိုင်ငံတော်သမ္မတရုံးက ကန့်ကွက်


2016.02.25
hmuu-zaw-620.jpg နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို တွေ့ရစဉ်
Photo: Zaw Htay(Facebook)

လက်ရှိ အစိုးရလုပ်ဆောင်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး သိရှိလိုတယ်ဆိုရင် ဝန်ကြီးဋ္ဌာနတွေကို တိုက် ရိုက်မေးမြန်းနိုင်သလို လွှတ်တော်မှာ ခေါ်ယူမေးမြန်းနိုင်ပေမယ့် ဒီနေ့ ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းတာဟာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။

အစိုးရသစ်ကို ညင်သာစွာ တာဝန်လွှဲပြောင်းပေးဖို့ ကြိုးစားနေတဲ့ အချိန်မှာ ပြည်သူ့လွှတ်တော်မှာ အရေးကြီး အဆိုတင်သွင်းလိုက်တာဟာ မေးခွန်းထုတ်စရာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

"အရေးကြီးအဆိုနဲ့ ပတ်သက်လို့ သူ့ရဲ့တင်သွင်းတဲ့ အချိန်ကာလပေါ့၊ အချိန်ကာလအားဖြင့် အစိုးရ အဟောင်း အသစ် တစ်ခါမှမရှိဘူးသေးတဲ့ အပြောင်းအလဲကို ကျနော်တို့က ညင်ညင်သာ သာဖြစ်အောင် နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီးတော့ နားလည်မှုရှိရှိပေါ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အချိန် ကာလဖြစ်တယ်၊ ဒီအချိန်ကာလမှာ ဒီအရေးကြီးအဆို ပေါ်ထွက်လာတဲ့အခါမှာ ဒီအပေါ်မှာ ကျနော်တို့ က မေးခွန်းတွေဖြစ်လာတယ်၊ ဆိုလိုတာက ဒီမှာပါတဲ့ တစ်ခုခြင်းကို သက်ဆိုင်ရာဝန်ကြီးဌာနတွေကို လွှတ်တော်ကိုယ်စားလှယ်တွေကသိချင်ရင် မေးမြန်းလို့ရတယ်၊ မေးမြန်းတဲ့အခါ ဝန်ကြီးဌာနကို စာနဲ့ဖြေခိုင်းတာရှိသလို ခေါ်ပြီးရှင်းခိုင်းတာလည်းရှိတယ်"

ဒီနေ့ ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အစိုးရသစ်ထံ တာဝန်လွဲှမပြောင်းပေးခင် နိုင်ငံပိုင်မြေတွေနဲ့ အစိုးရစီမံကိန်းတွေကို ပုဂ္ဂလိကထံ လွဲှပြောင်းတာတွေ အလျင်စလိုမလုပ်ဖို့ အစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲပြီးနောက်ပိုင်း ၄ လကြာကာလအတွင်း နိုင်ငံပိုင်မြေတွေနဲ့ စီမံကိန်းတွေကို ပုဂ္ဂလိကထံ လွှဲပြောင်းပေးတာတွေကို လွှတ်တော်နဲ့ နောင်တက်လာမယ့် အစိုးရကို ကျယ်ကျယ်ပြန့်ပြန့် ပွင့်လင်းမြင်သာမူရှိရှိ ချပြတာတွေမရှိဘူးလို့ ဒေါ်ခင်စန်းလှိုင်က လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။

သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက လက်ရှိအချိန်ဟာ အစိုးရဟောင်းကနေ အစိုးရသစ်ကို တိုက်ရိုက်အစိုးရချင်း အာဏာလွှဲပြောင်းတဲ့ ကာလမဟုတ်ဘဲ ရွေးကောက်ပွဲအနိုင်ရ ပါတီနဲ့သာ ဆွေးနွေးနေတဲ့ အချိန်ဖြစ်တယ်ဆိုတာကို ကွဲပြားဖို့လိုကြောင်းနဲ့ အစိုးရဟောင်းလက်ထက်မှာ မပြီးပြတ်သေးပဲ ဆက်လက်လုပ်ဆောင်နေရတဲ့ လုပ်ငန်းတွေရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရွှေတိဂုံစေတီတော်အနီးမှာ ဆောက်လုပ်မယ့် ဒဂုံစီးတီးစီမံကိန်းကို ပြည်သူတွေရဲ့ တောင်းဆိုချက်ကြောင့် ရပ်ဆိုင်းလိုက်ပြီး သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းကာ မြေနေရာသစ် အစားထိုးပေးခဲ့တာလို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဒေါ်ခင်စန်းလှိုင် တင်သွင်းတဲ့ အဆိုထဲက အချက်အလက်အသေးစိတ်ကိုတော့ သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတွေက သတင်းထုတ်ပြန်တာတွေ ပြုလုပ်သွားမယ်လို့ ဦးဇော်ဋ္ဌေးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။