နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်မယ်လို့ သမ္မတပြော


2013.06.04
utheinsein-305 နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူလူထုကို လစဉ်ရေဒီယိုမိန့်ခွန်း ပြောကြားနေစဉ်
photo: Myanmar President Office Website

အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေ သူတွေအားလုံး မကြာခင် ပြန်လွှတ်တော့မယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ပြည်သူလူထုကို လစဉ်ပြောနေကျမိန့်ခွန်းဖြစ်တဲ့ ဒီနေ့ညနေ ၄ နာရီ ရေဒီယိုမိန့်ခွန်းထဲမှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။

"ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ဦးတစ်ယောက်မျှ အကျဉ်းထောင်ထဲမှာ ရှိနေစေလိုခြင်းမရှိပါ၊ သို့သော်လည်းပဲ အရင်ခေတ်အဆက်ဆက်က ရှုပ်ထွေးခဲ့တဲ့ ရာဇဝတ်မှုနဲ့ နိုင်ငံရေးပြစ်မှု မကွဲပြားတဲ့ ကိစ္စရပ်တွေ စိစစ်ဆောင်ရွက်နေရတဲ့အတွက် အချိန်ယူလုပ်ဆောင်နေရတာဖြစ်ပါတယ်၊ အခုအခါမှာ ဒီကိစ္စတွေကို ရှင်းလင်းနိုင်ဖို့အတွက် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို ကျယ်ပြန့်တဲ့ပါဝင်မှုနဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် မကြာခင်မှာ အမှန်တကယ်ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအားလုံး လွတ်မြောက်တော့မှာဖြစ်ပါတယ်”

ဒါ့အပြင် နိုင်ငံရေးနဲ့ အကျဉ်းကျခံရသူတွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်လို့ ပုဒ်မ ၄၁ကို နိုင်ငံရေးလက်နက် အနေနဲ့ အသုံးချအရေးယူတာမျိုးလုပ်ဖို့မရှိကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ရာဇတ်ပြစ်မှုနဲ့ နိုင်ငံရေးပြစ်မှုတွေ မကွဲပြားတဲ့အတွက် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကိုဖွဲ့စည်းပြီး အချိန်ယူကာ ဆက်လက်စိစစ်နေဆဲဖြစ်တယ် လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလ ၁၇ ရက်နေ့က နိုင်ငံရေးအကျဉ်းသား ၂၃ ယောာက်ကို လွှတ်ပေးလိုက်ပြီးနောက် အကျဉ်းထောင်တွေထဲမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂ဝဝ နီးပါးလောက် ကျန်နေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။