ငြိမ်းချမ်းရေးကို တည်ထောင်ကြဖို့ သမ္မတ တိုက်တွန်း
2019.01.15

ကယားပြည်နယ်အတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး အပါအဝင် ပြည်နယ်သူ၊ ပြည်နယ်သားတွေအနေနဲ့ ငြိမ်းချမ်းရေးကို မနှေးအမြန် တည်ထောင်ကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ဒီနေ့ ကယားပြည်နယ်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုတွေ၊ ကုန်သွယ်မှုတွေ၊ ခရီးသွားလုပ်ငန်းတွေလုပ်ကိုင်ဖု့ိ အလားအလာကောင်းတွေရှိနေတဲ့ ကယားပြည်နယ်ကို နောင်နှစ်ပေါင်းနှစ်ဆယ်အတွင်း ဘယ်လိုတိုးတက်စေချင်သလဲဆိုတာကို အလေးအနက်ထား စဉ်းစားကြဖို့ ၆၇ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ သမ္မတက တိုက်တွန်းထားပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်မှာ ဒီနေ့မနက်ကကျင်းပတဲ့ ကယားပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်မိန့်ခွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရဟာ တောင်ပေါ်၊ မြေပြန့်မခွဲခြားဘဲ တပြေးညီ တိုးတက်အောင် ဆောင်ရွက်နေကြောင်း၊ တိုင်းရင်းသားတွေရဲ့ရပိုင်ခွင့်၊ ခံစားခွင့်တွေကို အပြည့်အဝရဖို့ ဦးစားပေးဆောင်ရွက်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။
ကယားပြည်နယ်ဟာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာ အခက်အခဲတွေရှိတာကြောင့် ဖွံ့ဖြိုးတိုးတက်မှု အားနည်းခဲ့ရတယ်လို့လည်း ပြောခဲ့ပါတယ်။
ကယားပြည်နယ်မှာ တိုက်ပွဲတွေ မရှိတော့ပေမယ့် အစိုးရနဲ့ အပစ်ရပ်လက်မှတ် မရေးထိုးရသေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP လက်နက်ကိုင်အဖွဲ့ ကျန်ရှိနေတာဖြစ်ပါတယ်။
ဦးဝင်းမြင့်ဟာ မနက်ဖြန်မှာ ပြည်နယ်ခန်းမမှာ လူထုနဲ့ တေ့ွဆုံသွားမယ်လို့လည်း သိရပါတယ်။
ကယားပြည်နယ်နေ့ကို ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ကတည်းက စတင်သတ်မှတ်ကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။