မဏ္ဍိုင်ကြီး သုံးရပ် အားနည်းချက်ကို သမ္မတ ထောက်ပြခဲ့ကြောင်း ကိုယ်စားလှယ် ပြော

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က မဏ္ဍိုင်ကြီးသုံးရပ် အားနည်းချက်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တေ့ွဆုံစဉ် ထောက်ပြခဲ့ပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ တေ့ွဆုံစဉ် သမ္မတ ပြောကြားခဲ့တာတွေနဲ့ ပတ်သက်ပြီး ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ က အခုလိုပြောပါတယ်။

"မကောင်းလို့လည်း ထောက်ပြသွားတာပေါ့ဗျာ၊ အားနည်းချက်တွေလေ ပွင့်ပွင့်လင်းလင်းပြောရင်ဗျာ တကယ်တမ်းကျတော့ ပြည့်စုံနေရင် ကောင်းနေရင် သမ္မတကြီး အခုချိန်မှာ အချိန်ပေးပြီးတော့ လာပြီးတော့ ပြောစရာမလိုဘူးပေါ့နော်၊ ဒါက အမြဲတမ်းပဲ သမ္မတတို့ ဝန်ကြီးချုပ်တွေဆိုတာ အစည်း အဝေးတွေမှာ တရားဝင်တွေ့နေတာတွေရှိတာပဲ၊ သူကိုယ်တိုင်လာပြီးတော့ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်ရော ဒါတွေရော ပြောတယ်ဆိုတာတွေက တချို့အားနည်းချက်ရှိနေလို့ပေါ့၊ အားနည်း ချက်လေးတွေကိုပဲ ထောက်ပြီးတော့ အောက်ခြေကျကျ လက်တွေ့ကျကျ ပြောချင်တဲ့ ညွှန်ကြားချင် တဲ့ ပြောချင်တဲ့ သဘောမျိုး ဆင်းလာတယ်လို့ ကျနော်က အဲလိုထင်ပါတယ်။"


ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေအေးလိုက်တဲ့ လူသတ်မှုတစ်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအတွင်း တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်နေတာကို ဦးစားပေး ထောက်ပြခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူလူထု စိတ်ဝင်စားတဲ့ အမှုကြီးတွေ၊ သတင်းမီဒီယာတွေ ဖော်ပြနေတဲ့အမှုတွေကို တရားရေးဘက် က အချိန်ကြန့်ကြာအောင်လုပ်ပြီး ပြည်သူလူထု သွေးအေးသွားချိန်ကျမှ ဆုံးဖြတ်ချက်ချတာ အကောင် အထည်ဖော်နေတာမျိုးတွေ ရှိနေတယ်လို့ သမ္မတက ပြောခဲ့ကြောင်း ဦးကျော်ဇေယျ က ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ခရီးသွားပြည်သူတွေ လမ်းပေါ်အချိန်ကုန်နေရကြောင်း၊ လူမရှိပဲ မြို့သစ်တည်ဆောက်နေ တာတွေကိုလည်း နိုင်ငံတော်သမ္မတ က ထောက်ပြသွားတယ်လို့ ဆိုပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော် ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတဟာ မနေ့က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။ တေ့ွဆုံပွဲနှစ်ခုလုံးကို သတင်းမီဒီယာ ဝင်ခွင့်ကန့်သတ်ထားပါတယ်။