အာဏာသိမ်းပြီးချိန်ကတည်းက မြင့်တက်နေတဲ့ ပြည်တွင်းရွှေဈေးဟာ ဩဂုတ်လ ၁၃ ရက် ဒီနေ့မှာတော့ တစ်ကျပ်သားကို ၂၇ သိန်း ခြောက်သောင်း (၂,၇၆၀,၀၀၀) ဝန်းကျင်အထိ စံချိန်တင်မြင့်တက်နေတယ်လို့ ရွှေရောင်းဝယ်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။
၁၅ ပဲရည် တစ်ကျပ်သားကိုလည်း ၂၇ သိန်း သုံးသောင်းဝန်းကျင်နဲ့ ဈေးကွက်ထဲမှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ ရွှေရောင်းဝယ်ရေးလုပ်ကိုင်သူ တစ်ဦးက RFA ကို ပြောပါတယ်။
"၁၅ ပဲရည်ကတော့ ၂၇ သိန်း သုံးသောင်းပါ။ အခေါက်ရွှေဈေးက ၂၇ သိန်း ခြောက် သောင်းဝန်းကျင် ပေါက်ပါတယ်။ တစ်ကျပ်သားဆို တစ်သောင်းလောက်ခွာပြီး အရောင်း၊ အဝယ်လုပ်နေပါတယ်"
ပြည်တွင်း ရွှေဈေးနှုန်းဟာ ဇူလိုင်လကုန်မှာ ၂၃ သိန်းကျော် ပေါက်ဈေးရှိခဲ့ရာက အခု ဩဂုတ်လ ၁၃ ရက် နေ့မှာတော့ ငါးသိန်းနီးပါးအထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကတော့ အရင်နှစ် ရွှေဈေး သိန်း ၂၀ ကျော်အထိ မြင့်တက်ခဲ့ပြီး နောက်ပိုင်းကစလို့ နေ့စဉ်ရောင်းဝယ်ရမယ့် ရွှေတစ် ကျပ်သား ဈေးနှုန်းတွေကို ထုတ်ပြန်ပေးပြီး အဲဒီစာရင်းအရတော့ ဒီနေ့မှာ ၂၁ သိန်း တစ်ထောင်ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ပြင်ပဈေးကွက်မှာတော့ ရွှေတစ်ကျပ်သားကို ၂၇ သိန်း ခြောက်သောင်းအထိ ပေါက်ဈေးရှိနေပြီး ဒါက သမိုင်းမှာပထမဆုံး စံချိန်တင်မြင့်တက်နေတာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးဟာလည်း ဩဂုတ်လ ၁ ရက်နေ့မှာ တစ်အောင်စ ၁၇၆၄ ဒေါ်လာပေါက်ဈေး ရှိရာကနေ ဒီနေ့မှာတော့ ၁၈၀၂ ဒေါ်လာ ပေါက်ဈေးရှိခဲ့ပါတယ်။
ပြည်တွင်းက ငွေကျပ်တန်ဖိုး ကျဆင်းလာမှုနဲ့ နိုင်ငံခြားငွေကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီ ရဲ့ မူဝါဒတွေကြောင့် အမေရိကန်ဒေါ်လာ ဈေးဟာလည်း လက်ရှိမှာ ၂၆၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်နေပြီး စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ တစ်ဒေါ်လာ ၂၁၀၀ ကျပ် သတ်မှတ် ထားပါတယ်။