MNDAA ကပြန်လွှတ်ပေးတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင် သုံးထောင်ခန့် ရှိလာ

RFA Burmese
2024.08.26
MNDAA ကပြန်လွှတ်ပေးတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင် သုံးထောင်ခန့် ရှိလာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ် (ရမခ) တိုက်ပွဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ စစ်သုံ့ပန်းနှင့် မိသားစုဝင်များအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် MNDAA မှ ပြန်လွှတ်ပေးနေစဉ်။
Screenshot: Citizen Video

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ် (ရမခ) တိုက်ပွဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ စစ်သုံ့ပန်းနဲ့ သူတို့ရဲ့ မိသားစုဝင် သုံးထောင်ခန့် (၂၉၅၈ ဦး) ကို ကိုးကန့်တပ်တော် (MNDAA) က နှစ်ပတ်ကျော်အတွင်း ပြန်လွှတ်ပေးလိုက်ပြီလို့ RFA ရဲ့ စစ်ရေးသတင်းအရင်းမြစ်တွေကပြောပါတယ်။

ဩဂုတ်လ ၆ ရက်နေ့ကစလို့ ဩဂုတ်လ ၂၃ ရက်နေ့အထိ စစ်သုံ့ပန်းနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ကိုးကန့်တပ်မတော် (MNDAA) က အသုတ်လိုက်ခွဲပြီး ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့က စစ်သုံ့ပန်း ရှစ်ဆယ်အပါအဝင် သူတို့ရဲ့ မိသားစုဝင် သုံးရာခန့် (၂၉၇ ဦး) ကို ကိုးကန့်တပ်မတော် (MNDAA) က ပြန်လွှတ်ပေးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ RFA ရဲ့ စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

"အဲဒီနေ့ကတော့ ပြန်လွှတ်ပေးတာ သုံးရာနီးပါးရှိပါတယ်။ စစ်သုံ့ပန်းက ရှစ်ဆယ်ပါတယ်။ ကျန်တာ မိသားစုဝင်တွေ ဖြစ်ပါတယ်"

အဲဒီစစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က လာရောက်ခေါ်ဆောင်ခဲ့ပြီး မိုင်းရယ်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ (၆၇)ကို ပို့ဆောင်ပေးခဲ့တယ်လို့ အဲဒီစစ်ရေးသတင်းအရင်းမြစ်က ပြောပါတယ်။

RFA ကို ပေးပို့လာတဲ့ ရုပ်သံဖိုင်တွေထဲ ဩဂုတ်လ ၂၃ ရက်နေ့က ပြန်လွှတ်ပေးတဲ့ စစ်သုံ့ပန်းအများစုမှာ ဒဏ်ရာရထားသူတွေဖြစ်ပြီး တချို့ကို ပွေ့ချီပြီး ခေါ်ယူရတဲ့အထိ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာလည်း တွေ့ရပါတယ်။

ဒီစစ်သုံ့ပန်းတွေကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးတာနဲ့ ပတ်သက်လို့ ကိုးကန့်တပ်မတော် (MNDAA) က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဩဂုတ်လ ၂၆ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်မတော် (MNDAA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ်လ ၃ ရက်နေ့က သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။