မောင်တောတိုက်ပွဲ စစ်သုံ့ပန်း အများအပြား ဖမ်းမိကြောင်း AA ပြော
2024.08.27
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့ လက်နက်တပ်ဆင်ပေးထားတဲ့ မွတ်စလင်လက်နက်ကိုင် စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ဩဂုတ်လ ၂၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဩဂုတ်လ ၂၄ ရက်နေ့က ၂၆ ရက်နေ့အထိ သုံးရက်တာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရုပ်အလောင်း တစ်ရာကျော်ကိုလည်း သင်္ဂြိုဟ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မောင်တောမြို့တွင်း ရပ်ကွက်တွေဖြစ်တဲ့ အမှတ် (၂) ရပ်ကွက်နဲ့ မြို့ပြင်တွေက စစ်ကောင်စီတပ်သားတွေနဲ့ လက်နက်ကိုင် မွတ်စလင်တွေကိုပါ ဖမ်းဆီးရမိထားတယ်လို့ဆိုပေမဲ့ အရေအတွက် အတိအကျကိုတော့ AA က ထည့်သွင်းပြောထားတာမရှိပါဘူး။
မောင်တောမြို့တွင်းက ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ AA က ပြောပါတယ်။
သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်နဲ့ ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ရွာမှာလည်း တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီဘက်က အပြင်းအထန် ခုခံနေတယ်လို့လည်းဆိုပါတယ်။
ဩဂုတ်လ ၄ ရက်ကနေ့ကတည်းက မြို့သိမ်းတိုက်ပွဲတွေ စတင်ခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က မောင်တောမြို့မှာ စစ်ကောင်စီတပ်ရဲ့ ခံစစ်နေရာအနည်းငယ်သာ ကျန်တော့ပြီး အဲဒီနေရာတွေကိုလည်း ထိုးစစ်ဆင်နေတဲ့အတွက် မကြာခင်မှာ အလုံးစုံ ထိန်းချုပ်နိုင်တော့မယ်လို့ AA က သြဂုတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူနဲ့ AA ပြောခွင့်ရသူတွေထံ RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲ ကိုးလကျော်အတွင်း ရခိုင်ပြည်နယ်တွင်းက မြို့နယ် ကိုးမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို AA က သိမ်းပိုက်ထားပါတယ်။