ထောင်စနစ် ပြုပြင်ပြောင်းလဲဖို့ အကျဉ်းသားဟောင်းတွေ တောင်းဆို

ကျော်လွင်ဦး
2020-07-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တွေဟာ ပြစ်မှုငယ်တွေနဲ့ ရောက်ရှိလာတဲ့ လူငယ်တွေကို စာရိတ္တ ပြုပြင် ပြောင်းလဲတဲ့နေရာ ဖြစ်ရမယ့်အစား လူဆိုးလူမိုက်ကြီးတွေဖြစ်အောင် သင်ပေးတဲ့ နေရာမျိုးဖြစ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ အကျဉ်းသားဟောင်းတွေက ဝေဖန်နေကြပါတယ်။

ဒါကြောင့် အကျဉ်းထောင်တွေကို စာရိတ္တပြုပြင်ထိန်းသိမ်းပေးတဲ့နေရာဖြစ်အောင် အကျဉ်းထောင် ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။

မြန်မာနိုင်ငံ နေရာအသီးသီးမှာရှိနေတဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ၊ ခိုးဆိုးလုယက်မှုတွေနဲ့ ရောက်လာသူတွေ၊ ဒေါသအလျောက် ပြစ်မှုကျူးလွန်ပြီး ရောက်လာသူတွေ၊ လမ်းဘေးမှာ မှောင်ရိပ်ခိုလို့ဆိုပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ရောက်လာသူတွေနဲ့ အမျိုးမျိုးသော လူတွေရှိပါတယ်။

အကျဉ်းထောင်ထဲကို မတော်တဆ ရောက်လာသူတွေ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ရောက်လာသူတွေဟာ အကျဉ်းထောင်တွေမှာ စာရိတ္တတွေပြုပြင်ပြီး လူကောင်းတွေဖြစ်ရမယ့်အစား လူဆိုးလူမိုက်ကြီးတွေဖြစ်ဖို့ သင်ပေးတဲ့နေရာလို ဖြစ်နေတယ်လို့ အကျဉ်းသားဟောင်းတွေက ဝေဖန်ထောက်ပြကြပါတယ်။

အကျဉ်းထောင်တွေဟာ ထိန်းသိမ်းခံနေရသူတွေကို ပြုပြင်ပြောင်းလဲပေးနိုင်တဲ့ အခြေအနေမျိုး ရှိသင့်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဦးအောင်မျိုးကျော်က ပြောပါတယ်။

အကျဉ်းထောင်ဆိုတာက ရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို ပြင်ပလောကနဲ့ အဆက်ဖြတ်ပြီးတော့ သူရဲ့ မကောင်းတဲ့စိတ်တွေ၊ သူရဲ့စာရိတ္တတွေကို ပြုပြင်ပေးရမယ့် စခန်းဖြစ်သင့်တယ်ပေါ့နော်၊ ပြုပြင်ပြောင်း လဲပေးတဲ့စခန်း ဖြစ်သင့်တယ်၊ ဒါပေမဲ့ ကျနော်တို့ နိုင်ငံမှာတော့ အဲလိုမျိုးမဖြစ်သေးပဲနဲ့ သူခိုးလေးကနေ သူခိုးကြီးဖြစ်တယ်၊ ထောင်ထဲရောက်သွားလို့ရှိရင် ဒုစရိုက်မျိုးစုံကို ကျူးလွန်တတ်တဲ့ ကျွမ်းကျင်ပိုင်နိုင် သွားတဲ့လူတွေ ဖြစ်သွားတယ်”

အကျဉ်းထောင်တွေမှာ အခုနောက်ပိုင်း အစားအစာ၊ သောက်သုံးရေ၊ ချိုးရေ တို့နဲ့ ပတ်သက်ပြီး တိုးတက် ကောင်းမွန်လာပေမယ့် ကြီးနိုင်ငယ်ညှဉ်းလုပ်တာ၊ လာဘ်ပေးလာဘ်ယူလုပ်တာ စတဲ့ အခြေအနေတွေ ရှိနေသေးတာ ကြောင့် အကျဉ်းထောင်တွေဟာ ပြုပြင်ပြောင်းလဲဖို့ လိုသေးတယ်လို့လည်း အကျဉ်းသားဟောင်းတွေက ထောက်ပြကြပါတယ်။

လူငယ်တွေဟာ ပစ္စည်းအတိုအစတွေ ခိုးတာ၊ ဖုန်းခိုးတာတွေကြောင့် မတော်တဆ ထောင်ထဲရောက်သွားရင် ခိုးနည်းလုနည်းတွေကို တခြားအကျဉ်းသားတွေဆီကနေ တတ်သွားကြတယ်လို့ အထွေထွေ အကျဉ်းသား ဟောင်းများ ကူညီစောင့်ရှောက်ရေး မြန်မာ အဖွဲ့က ကိုအောင်စိုးက ပြောပါတယ်။

“မရှိတဲ့ ချာတိတ်လေးတွေ၊ အတိုအစလေးတွေ ခိုးဖွက်ပြီး ဝင်သွားတဲ့သူတွေက အထဲမှာ သူတို့လို့ ဘဝတူ လမ်းပေါ်မှာ ကျင်လည်နေတဲ့ ချာတိတ်လေးတွေ အများကြီးရှိတယ်၊ ဒီကလေးတွေဆီက ခိုးနည်း၊ လုနည်း၊ တိုက်နည်း၊ နိုက်နည်း မဟုတ်တာ လုပ်တဲ့နည်း စနစ်လေးတွေကို နေစဉ်နီးပါး ပြောဆိုနေတဲ့အခါမှာ ပြောမယ်ဆိုရင် သင်ပေးသလိုဖြစ်နေတယ်၊ မကောင်းမှုကို လက်တွေ့မလုပ်ရသေးတာကလွဲရင် ကျန်တာ ပိုပြီးနားလည်ကျွမ်းကျင်သွားတယ်၊ ဘာလို့ဒီစကားတွေကို ခုချိန်ထိ ပြောနေသေးတယ်ဆိုရင် အစ်ကို ထောင်ထွက်တွေ အများကြီးနဲ့ ခုချိန်ထိ ထိတွေ့ဆက်သွယ်မှုတွေရှိနေလို့ ဆက်ပြောနေတာ၊ ထောင်ထဲမှာရှိတဲ့ အခြေအနေတွေ အားလုံးကို အပြင်မှာ အစ်ကို အကုန်သိတယ်၊ သူတို့နဲ့ ထိတွေ့နေလို့ အကုန်သိနေတာ၊ မပြောင်းလဲဘူး ပိုပြီး ပျက်စီးသွားတယ်လို့ ပြောချင်တယ်”


အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံရဖူးတဲ့ စာရေးဆရာ ဗြိတိသျှကိုကိုမောင်က လူငယ်တွေဟာ အစက ဘာမှမဟုတ်တဲ့ အမှုတွေနဲ့ ဝင်သွားပြီး ထောင်ထဲမှာ မကောင်းတဲ့သူတွေနဲ့တွေ့ပြီး အဆိုးဖက်ကို ပိုရောက်သွား တယ်လို့ ပြောပါတယ်။

“အစကတော့ ဘာမှမဟုတ်တဲ့ အမှုတွေနဲ့ ဝင်သွားတယ်၊ အထဲရောက်သွားရင် ပိုပြီးတော့ ချိတ်တွေပိုများ လာတယ်၊ နယ်ပယ်က ပိုကျယ်သွားတယ်၊ သူတို့ထက်ကြီးတဲ့ ဥပမာ ဒုစရိုက်သမားတွေနဲ့ ဆက်စပ်မိသွားတယ်၊ ဒုစရိုက်မှုတွေ ကျူးလွန်ဖြစ်ကြတယ်ပေါ့၊ အဲတော့ လူငယ်တွေအတွက်က ထောင်ထဲဝင်သွားတာက ပိုပြီးတော့ ပညာသင်ရတဲ့ ကျောင်းတော်ကြီးတစ်ခုလိုဖြစ်သွားတယ်လို့ ကျနော်ကတော့ မြင်တယ်”

လူငယ်တွေဟာ အချုပ်ကိုကြောက်ပေမယ့် ထောင်ကိုရောက်ရင် သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့တွေ့ပြီး ကိုယ့်အိမ်ကိုယ့်ယာလို ဖြစ်နေတာတွေ့ရတယ်လို့လည်း စာရေးဆရာ ဗြိတိသျှ ကိုကိုမောင်က ပြောပါတယ်။

ထောင်ဟာ စာရိတ္တပြုပြင်တဲ့ နေရာမဟုတ်ဘဲ လူငယ်တွေကို လူဆိုးလေးကနေ လူဆိုးကြီးဖြစ်စေတဲ့နေရာ ဖြစ်နေတယ်လို့ ဝေဖန်မှုတွေကို အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေကတော့ ငြင်းဆိုကြပါတယ်။

အကျဉ်းဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက ထောင်တွေမှာ အကျင့်စာရိတ္တ ပြုပြင်ပြောင်းလဲရေးအတွက် အစီအစဉ်တွေ ရှိတယ်လို့ ပြောပါတယ်။

“လူဆိုးကနေ လူဆိုးကြီးဖြစ်သွားတယ်၊ အဲဒါတွေကတော့ သိပ်တော့မဖြစ်နိုင်ဘူး ထင်ပါတယ်၊ လွတ်မြောက် လာတဲ့ လူတွေကိုလည်း မေးလို့ရပါတယ်၊ ကျနော်တို့လည်း မှတ်တမ်းတင်ထားတာ ရှိပါတယ်၊ တချို့ဆိုလည်း ကျနော်တို့ အကျဉ်းထောင်တွေထဲမှာ နေသွားထိုင်သွားတာ တော်တော်ကျေးဇူးတင်ပြီးတော့မှ အမှတ်တရ ဖုန်းဆက်တာတွေလည်း ရှိပါတယ်၊ သူတို့လည်း တော်တော်လေး လိမ္မာသွားတာ တွေ့ရပါတယ်”

အကျဉ်းထောင်တွေမှာ စာပေဖတ်နိုင်ဖို့ စာကြည့်တိုက်နဲ့ ပြင်ပလောကနဲ့ အဆက်မပြတ်ဖို့ ရုပ်မြင်သံကြား ကြည့်တာတွေ၊ သတင်းစာဖတ်ခိုင်းတာတွေရှိကြောင်းနဲ့ ဘာသာတရားအဆုံးအမရဖို့ ဘာသာကြီးလေးခုမှာ မိမိနှစ်သက်ရာဘာသာနဲ့ ဘာသာရေးလုပ်လို့ရတယ်လို့လည်း အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အကျဉ်းထောင်တွေမှာ ၂၀၁၁ ခုနှစ်လောက်ကတည်းက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်နေပြီး စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အခြေခံအခွင့်ရေးတွေရရှိရေး၊  နှိပ်စက်ညှဉ်းပန်းမှု ပပျောက်ရေးတို့အတွက် ICRC အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ထောင်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။ ဒါပေမဲ့ စာရိတ္တပြုပြင်ထိန်းသိမ်းရေး စခန်းဖြစ်ဖို့အတွက် လုပ်ဖို့ရည်မှန်းချက်ရှိပေမယ့် ဝန်ထမ်းအင်အား မလုံလောက်တာကြောင့် လက်ရှိမလုပ်နိုင်သေးဘူးလို့ ဦးခင်မောင်မြင့်က ပြောပါတယ်။

“အကျဉ်းထောင် အရာရှိနဲ့ ဝန်ထမ်းဦးရေက သတ်မှတ်ဖွဲ့စည်းပုံရဲ့ တဝက်တောင် မရှိဘူး၊ အကျဉ်းထောင် တွေအနေနဲ့ ဘာပဲလုပ်နိုင်လဲဆိုရင် ထောင်အုပ်ချုပ်ရေး လုပ်ငန်းတွေကိုပဲ မနိုင်မနင်း လုပ်နေရတဲ့အချိန်မှာ correctional department ဖြစ်ဖို့ဆိုတာ အစိုးရလည်း နိုင်ငံရေး ရည်ရွယ်ချက်ရှိတယ်၊ ဌာနအနေနဲ့ဒါကို ၂၀၁၁ ခုနှစ်လောက်ကတည်းက စပြင်ဆင်ပြောင်းလဲဖို့တွေ ရည်မှန်းချက်တွေနဲ့ စီမံဆောင်ရွက်ခဲ့သော်လည်း အဲဒီဖက်ကို အပြည့်အဝ ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး”

ဒီကိစ္စဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ အစိုးရ၊ အကျဉ်းဦးစီးဌာနနဲ့ ပူးပေါင်းပြီး အောင်မြင်နိုင်မယ်လို့ယူဆကြောင်း ဦးခင်မောင်မြင့်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ကလည်း အကျဉ်းထောင် ဥပဒေ ပြုပြင်ဖို့ ပြည်ထောင်စု လွှတ်တော်ကို တင်ပြထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဥပဒေမှာ အကျဉ်းသားတွေ စာရိတ္တပြုပြင်ပြောင်းလဲရေးအပါအဝင် ထောင်အာဏာပိုင်တွေ အရည်အသွေး မြှင့်တင်တာတွေ ပါဝင်တယ်လို့ AAPP အဖွဲ့က ဦးအောင်မျိုးကျော်က ပြောပါတယ်။

“စာရိတ္တ ပြုပြင်ပြောင်းလဲရေးစခန်းဖြစ်ဖို့ ဦးတည်ပါတယ်၊ နောက် လာဘ်ပေးလာဘ်ယူတွေ ပပျောက်ဖို့၊ ကြီးနိုင်ငယ်ညဉ်းတွေ ပပျောက်ဖို့ ညှဉ်းပန်းနှိပ်စက်တာတွေ ပပျောက်ဖို့၊ အကျဉ်းသားတွေအတွက် အပြင်ရောက်သွားရင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်တွေကို တတ်ကျွမ်းသွားဖို့၊ ပြီးတဲ့အခါ ဝန်ထမ်းတွေကို အရည်အသွေးတွေ၊ ရပိုင်ခွင့်တွေ မြှင့်တင်ပေးဖို့ အကျဉ်းထောင်ကို နိုင်ငံတကာ စံနှုန်းတွေ ကိုက်ညီအောင် ပြင်ဆင်ထားတာပါ”

အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေကတော့ အသက်မွေးဝမ်းကြောင်း ပညာတွေကို သင်ကြားပေးနေပြီး အပြင်ရောက်ရင် အသက်မွေးဝမ်းကြောင်းနေတဲ့သူတွေ အများကြီးရှိတယ်လို့ ပြောဆိုပါတယ်။

အကျဉ်းထောင်တွေ ပိုမိုကောင်းမွန်ဖို့ဆိုရင် ၁၈၉၄ ခုနှစ်ကတည်းက ရေးဆွဲထားတဲ့ ဥပဒေကို ဒီနေ့ခေတ် အနေအထားနဲ့ လိုက်လျောညီထွေဖြစ်အောင်ပြင်ဖို့ အရေးကြီးတယ်လို့ ထောင်အရာရှိဟောင်း ဦးခင်မောင်မြင့်က ထောက်ပြပါတယ်။

ဒီဥပဒေတွေ မပြင်နိုင်တာက ကြီးမားတဲ့အဟန့်အတားလို့ ဦးခင်မောင်မြင့်က ပြောပါတယ်။

“အကျဉ်းထောင် အက်ဥပဒေ၊အကျဉ်းထောင် လက်စွဲဥပဒေနဲ့ အကျဉ်းသားဥပဒေ ဒီသုံးခုစလုံး ၁၈၉၄ ကတည်းက ရေးဆွဲခဲ့ပြီး ဒီနေ့အထိ တည်ဆဲဥပဒေအဖြစ်နဲ့ ကျနော်တို့ မပြင်နိုင်သေးဘူး၊ ဒါမပြင်နိုင်ရင် ကျန်တာတွေ လိုက်ပြင်ဖို့ အင်မတန် ခဲယဉ်းပါတယ်၊ အဓိက အခြေခံအကျဆုံးအချက်ကို ပြောပါဆိုရင် ဒီအကျဉ်းထောင် ဥပဒေတွေကို မပြင်နိုင်ခြင်းသည် correctional department ဖြစ်ဖို့အတွက် ကြီးမားတဲ့ အဟန့်အတားပါပဲ”

အကျဉ်းထောင်တွေမှာ ပြောင်းလဲတာတွေရှိပေမယ့် အရေးကြီးတဲ့ ပြောင်းလဲမှုတွေဖြစ်ဖို့ အကျဉ်းထောင် ဥပဒေ ပြုပြင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့က အခြားအဖွဲ့တွေနဲ့အတူ ကြိုးစားနေပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့