မတူပီမြို့နယ်မှာ စစ်သုံ့ပန်း ခြောက်ဆယ်ကျော် ဖမ်းဆီးခံရ

RFA Burmese
2024.08.02
မတူပီမြို့နယ်မှာ စစ်သုံ့ပန်း ခြောက်ဆယ်ကျော် ဖမ်းဆီးခံရ ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးကြသည့် စစ်ကောင်စီတပ်သားနှင့် မိသားစုဝင်များအား ဖမ်းဆီးရမိကြောင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) မတူပီ တပ်မဟာ-၁ မှ ထုတ်ပြန်ထားစဉ်။
Facebook/ Chinland Defense Force Matupi - Brigade 1

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တပ်မိသားစုဝင် ခြောက်ဆယ်ကျော်ကို စစ်သုံ့ပန်းအဖြစ် ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်တွေက ဖမ်းဆီးထားတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) မတူပီတပ်မဟာ (၂ )ရဲ့ ပြောခွင့်ရသူက RFA ကို ဩဂုတ် ၂ ရက် ဒီနေ့မှာ ပြောပါတယ်။

ဇူလိုင် တစ်လနီးပါးအတွင်း တောတောင်တွေထဲ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သား၊ တပ်မိသားစုဝင်နဲ့ အရပ်ဘက်ဝန်ထမ်း စုစုပေါင်း ခြောက်ဆယ်ကျော်ကို ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ချင်းပြည် ကာကွယ်ရေးတပ်ဖွဲ့ (CDF) မတူပီ တပ်မဟာ (၂) ရဲ့ ပြောခွင့်ရသူက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ဖမ်းမိတာက တစ်ရက်တည်း အားလုံးဖမ်းမိတာမဟုတ်ဘူး။ နည်းနည်းချင်း ဖမ်းမိတာ၊ တစ်ခါတည်း ဖမ်းမိတာတော့ အယောက်လေးဆယ်ရှိတယ်။ မိုးရာသီ တောထဲမှာ ထွက်ပြေးရတော့ ခြေထောက်တွေမှာ အနာပေါက်ပြီး လမ်းမလျှောက်နိုင်တဲ့သူတွေရှိတယ်။ ဖျားနာနေတဲ့သူတွေ ရှိတယ်။ သူတို့ကိုဆေးကုပေးပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ်”

ချင်းညီနောင်တပ်ဖွဲ့ကလည်း မတူပီမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားနဲ့ တပ်မိသားစုဝင်ကို ဇူလိုင် ၁၇ ရက်နေ့မှာ ၁၂၀ နီးပါး၊ ဇူလိုင် ၂၅ ရက်နေ့မှာ နောက်ထပ် ရှစ်ဆယ်ကျော် စုစုပေါင်း စစ်သုံ့ပန်း နှစ်ရာကျော်ကို ဖမ်းဆီးထားပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မတူပီမြို့ကို ချင်းညီနောင်တပ်ဖွဲ့တွေနဲ့အတူ အာရက္ခတပ်တော် (AA)၊ ယောတပ်မတော် (Yaw Army) နဲ့ ယောကာကွယ်ရေးတပ် (YDF) တို့ပူးပေါင်းပြီး ဇွန် ၉ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။