တပ်ကပစ်လို့ သေဆုံးတယ်ဆိုတဲ့အမှုအတွက် ကျောက်မဲမှာ သောင်းနဲ့ချီဆန္ဒပြ

ကံသာ
2020-07-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် ပန်ကျန်ကျေးရွာအတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်း တိုက်ပွဲတစ်ခုမှာ တပ်မတော် စစ်ကြောင်းက ပစ်ခတ်လို့ဆိုပြီး အရပ်သားတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရတဲ့အပေါ် တရားမျှတမှုရရှိရေးအတွက် ဒေသခံ တသောင်းကျော် ဒီကနေ့မနက်ပိုင်းက ကျောက်မဲမှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

တပ်မတော်ကတော့ ကပ်ဘေးကာလ ခွင့်ပြုချက်မရတဲ့ ဒီဆန္ဒပြပွဲ တာဝန်ရှိသူတွေကို သက်ဆိုင်ရာက အရေးယူမယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ကျေးရွာအတွင်းမှာ တိုက်ပွဲကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေအတွက် တရားမျှတမှုရဖို့ အခုလို ဆန္ဒထုတ်ဖော်တာလို့ ဆန္ဒပြတာမှာပါဝင်တဲ့ လုပ်ပါကျေးရွာက စိုင်းစုကြာလင်းက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ တပ်မတော်က ပစ်လိုက်လို့ သေဆုံးသူ၊ ဒဏ်ရာရသူ၊ ရိုက်နှက်ခံရလို့ ဒဏ်ရာရသွားသူတွေရဲ့ ဗီနိုင်းနဲ့ အပြစ်မဲ့ပြည်သူကိုသတ်သည့် တပ်မတော်အလိုမရှိ ဆိုတဲ့ဗီနိုင်းတွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြပွဲမှာ မူလက လူဦးရေ နှစ်ထောင့်ငါးရာလောက်ပါဝင်မယ်လို့ ခန့်မှန်းထားပေမယ့် နောက်ပိုင်းမှာ လူဦးရေ တစ်သောင်းကျော်လောက်အထိ ပါဝင်လာတာကို တွေ့ရပါတယ်။

ဆန္ဒပြသူတွေဟာ ကျောက်မဲမြို့ကနေ နောင်ချိုမြို့ဘက်ကိုအထွက် နှစ်မိုင်လောက်အကွာက ခိုမုန်းရွာ ဆီဆိုင်တန်းကနေ ဆန္ဒပြဖို့ စတင်စုဝေးခဲ့တာပါ။ အဲဒီနေရာမှာပဲ ရဲတပ်ဖွဲ့က တားဆီးခဲ့ပေမယ့် ညှိနှိုင်းလို့မရတဲ့ နောက်ပိုင်း သူတို့ကို လမ်းဖွင့်ပေးခဲ့ပါတယ်။

ကျောက်မဲမြို့အဝင်မှာတော့  ကိုရိုနာဗိုင်းရပ်စ်ကာလဖြစ်နေလို့ လူစုလူဝေးမလုပ်ဖို့ နိုင်ငံတော်အဆင့်က ဥပဒေပြဌာန်းထားတာကြောင့် ခွင့်ပြုချက်မရှိတဲ့ ဆန္ဒထုတ်ဖော်မှုကို ရပ်ဆိုင်းပေးဖို့ ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးက တားမြစ်ခဲ့ပါတယ်။ ဒီနေ့ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင်အင်အား တစ်ရာဝန်းကျင်လောက်သာ ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဗညားဦးက ပစ်ခတ်မှုကြောင့် သေဆုံးတယ်ဆိုတဲ့ အမှုနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကလဲ ဗျူဟာမှူးအဆင့်ရှိတဲ့ အရာရှိတစ်ဦးကို ဦးဆောင်စေပြီး စုံးစမ်းမှုတွေလုပ်ဖို့ ပြောဆိုထားတယ်လို့ ပြောပါတယ်။

ကျောက်မဲမြို့နယ် ပါကျန်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့မနက် ရှစ်နာရီလောက်မှာ တပ်မတော်စစ်ကြောင်းက ကျေးရွာထဲကို သေနတ်နဲ့ပစ်ခတ် ဝင်ရောက်လာချိန် အသက် ၆၀ အရွယ် လုံဆု ဆိုတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အသက် ငါးဆယ်ကျော်အရွယ် ပါဆိုင်မွန်းဆိုတဲ့ အမျိုးသမီးက တင်ပါးမှာ ဒဏ်ရာရခဲ့တယ်လို့ ရွာသားတွေက RFA ကို ပြောထားပါတယ်။

အက်ကြီးကျေးရွာက အမျိုးသားတစ်ဦးကတော့ ဇွန်လ၂၇ ရက်နေ့မှာ တပ်မတော်စစ်ကြောင်း ကပန်ကျိန်ရွာ ဘက်ကို ခေါ်သွားခဲ့ပြီး ရိုက်နှက်ခဲ့လို့ ဇွန်လ ၂၈ ရက်နေ့မှာ ကျောက်မဲဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူခဲ့ရတယ်လို့လည်း ပြောကြပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို အရေးယူဆောင်ရွက်ပေးနိုင်ဖို့ ကျောက်မဲမြို့နယ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်ကို ဇူလိုင် ၂ ရက်နေ့က တိုင်ကြားထားတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ပြောပါတယ်။

တပ်မတော်ဘက်ကတော့ ဒီနေ့ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ရာမှာ ဆန္ဒပြမှု ဦးဆောင်သူတွေဖြစ်တဲ့ ဟဲကွီကျေးရွာက ဦးစိုင်းသန်းမောင်၊ ဦးဇောတိကနဲ့ ဦးအာလိယျတို့ကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေပုဒ်မ ၁၈ တို့နဲ့ သက်ဆိုင်ရာက အရေးယူမယ်လို့ သိရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ဖြစ်စဉ်ဖြစ်ရတာနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်တာတွေကို မစောင့်ဘဲ အခုလိုဆန္ဒပြတာဟာ ဖိအားပေးခြင်းတမျိုးလို့ ယူဆကြောင်း ပြောပါတယ်။

RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေးကတော့ ဒီနေ့ ဆန္ဒပြမှုမှာ သူတို့အဖွဲ့နဲ့ ပတ်သက်မှု မရှိသလို ရွာသားတွေကို ဖိအားပေးတာမျိုး မရှိဘူးလို့ ပြောပါတယ်။

ဒီကနေ့ ဆန္ဒထုတ်ဖော်ကြရာမှာ ကျောက်မဲမြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ ခိုမုန်း ဆီဆိုင်တန်းကနေ ကျောက်မဲမြို့ ရန်ကင်းလမ်းအထွက်အထိ မြို့တွင်းကို လှည့်လည်စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့