မလေးရှားပို့မဲ့ အိုက်စ်မူးယစ်ဆေးဝါး နှစ်တန်ကျော် ဖျာပုံမြို့နယ်မှာဖမ်းမိ
2024.08.03
မလေးရှားနိုင်ငံကိုတင်ပို့မဲ့ ကျပ်ငွေ ၆၉ ဘီလီယံတန်ဖိုးရှိတဲ့ အိုက်စ် (crystal methamphetamine) မူးယစ်ဆေး နှစ်ဒသမသုံးတန်ကို ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ကနေ ပင်လယ်ဝကိုထွက်ခွာတော့မဲ့ ကုန်တင်စက်လှေတစ်စင်းပေါ်မှာ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက သြဂုတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းက သယ်လာတဲ့ မူးယစ်ဆေးဝါးတွေဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့က ဇူလိုင် ၂၂ ရက်နေ့က ဖျာပုံမြို့နယ် ကမ်းနားကွင်းရွာ ခါးပြတ်ချောင်းမှာ ဖမ်းမိခဲ့တာပါ။
စက်လှပေါ်က လူငါးဦးအပါအဝင် ဆက်စပ်ပြီးဖမ်းမိသူ ခုနစ်ဦး စုစုပေါင်း ၁၂ ပါဝင်တဲ့ မူးယစ်မှောင်ခိုဂိုဏ်းကို ဖမ်းမိခဲ့တာလို့ စစ်ကောင်စီက ပြောပါတယ်။
ဖမ်းမိသူတွေကို အရေးယူထားသလို ဆက်စပ်သူတွေကို လိုက်လံဖော်ထုတ်ပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလကလည်း ဖျာပုံမြို့နယ် အရှေ့ဖျားရွာအနီး ပင်လယ်ပြင်မှာ ICE မူးယစ်ဆေးဝါး အိတ်၂၅ အိတ်ကို တံငါသည်တွေကရရှိခဲ့ပြီး အာဏာပိုင်တွေထံ အပ်နှံခဲ့တာလည်း ရှိပါတယ်။