ပဲခူးတိုင်း ပြည်မြို့နယ် မှော်ဇာကျေးရွာက အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ မူလတန်းပြဆရာ ကိုစိုးရအောင် ကို နိုဝင်ဘာ ၆ ရက်နေ့ ညနေပိုင်းမှာ စစ်သားတွေ လာရောက်ဖမ်းဆီး သွားတယ်လို့ ကိုစိုးရအောင်ရဲ့ မိခင်ဖြစ်သူက RFA ကို ဒီနေ့ပြောပါတယ်။
မှော်ဇာကျေးရွာမှာရှိတဲ့ အသက် ၂၄ နှစ်အရွယ် ကိုစိုးရအောင်ရဲ့ နေအိမ်ကို အဲဒီနေ့ ညနေ ၆ နာရီဝန်းကျင်မှာ စစ်သား ခြောက်ယောက် ရောက်လာခဲ့ပြီး ဖမ်းဆီးသွားတာလို့ မိခင်ဖြစ်သူ ဒေါပြုံးဝင့်နိုင်က ပြောပါတယ်။
"သူတို့ခေါ်သွားမယ် မထင်ဘူးလေ။ Mask ရှိလားတဲ့၊ Mask ပေးတော့ မျက်လုံးတစ်ခု၊ ပါးစပ်တစ်ခု အုပ်တယ်။ ပြီးတော့ လက်ထိပ်ခတ်ပြီးတော့ ကားပေါ် တင်ခေါ်သွားတယ်"
မူလတန်းပြဆရာ ကိုစိုးရအောင်ကို နွေဦးထီရောင်းချတယ်ဆိုပြီးတော့ စစ်ကောင်စီက စွပ်စွဲထားသလို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုထက်ရာဇာနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းဆီးထားတာဖြစ်တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။
လက်ရှိမှာတော့ မိသားစုဝင်တွေက ကိုစိုးရအောင်နဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေတယ်လို့လည်းဆိုပါတယ်။
ပြည်မြို့၊ ဝက်ထီးကန် မူလတန်းကျောင်းမှာ တာဝန်ကျခဲ့တဲ့ ကိုစိုးရအောင်ဟာ အကြမ်းမဖက်တဲ့ အာဏာ ဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ပထမအကြိမ် ဖမ်းဆီးခံခဲ့ ရပေမယ့် မကြာခင်မှာ ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။