တိုက်ပွဲသတင်းကြောင့် ပြင်ဦးလွင်ဒေသခံတချို့ မြို့ကိုစွန့်ခွာ

RFA Burmese
2024.08.08
တိုက်ပွဲသတင်းကြောင့် ပြင်ဦးလွင်ဒေသခံတချို့ မြို့ကိုစွန့်ခွာ ပြင်ဦးလွင်မြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

Updated 6:15 PM Aug 8,2024

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကို တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်တွေ တိုက်ခိုက်မယ်ဆိုတဲ့ သတင်းကြောင့် ဝန်ထမ်းမိသားစုတွေနဲ့ မြို့ခံတချို့ နေပြည်တော်၊ မန္တလေး စတဲ့ မြို့တွေကို ရွှေ့ပြောင်း နေကြတယ်လို့ ပြင်ဦးလွင် ဒေသခံတွေက ပြောပါတယ်။

နေရာရွှေ့ကြတဲ့အထဲ ပြင်ဦးလွင် စစ်သင်တန်းကျောင်းတွေမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေ၊ အရာရှိမိသားစုဝင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီ့အပြင် မြို့မဈေးအတွင်းက ကုန်သည်တွေလည်း ပစ္စည်းတွေကို နေရာရွှေ့ပြောင်းနေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြင်ဦးလွင်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်တော့မယ် ဆိုပြီး ရွှေ့နေကြတာ။ ဝန်ထမ်းတွေက သူတို့ မိသားစုတွေကို မန္တလေးတို့၊ နေပြည်တော်တို့ကို ပို့လိုက်ပြီ။ ကျောင်းအပ်ထားတဲ့ ဝန်ထမ်းမိသားစု ကလေးတွေကိုလည်း လာခေါ်သွား ကြတယ်။ မြို့ခံတွေလည်း စိုးရိမ်တာပေါ့။ ဈေးထဲမှာလည်း ပစ္စည်းတွေ ရွှေ့ကြ၊ သိမ်းကြနဲ့”

ပြင်ဦးလွင်မြို့နဲ့ ၃၅ မိုင်ဝေးတဲ့ နောင်ချိုမြို့ကို တအာင်းတပ်မတော် (TNLA) နဲ့ မန္တလေး PDF တပ်ဖွဲ့က သိမ်းပိုက်ထားပြီးနောက် ပြင်ဦးလွင်နဲ့ မိုင် နှစ်ဆယ် ခန့်အကွာမှာရှိတဲ့ ဘန့်ဘွေးရွာအနီးထိ တော်လှန်းရေးတပ်ဖွဲ့တွေ ရောက်လာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ သြဂုတ်လ ၇ ရက်နေ့ကတည်းက ပြင်ဦးလွင်ကနေ နောင်ချိုမြို့ဘက် ခရီးသွားလာမှုနဲ့ ကုန်စည်သယ်ဆောင်မှုတွေကို ဝက်ဝံရွာ စစ်ဆေးရေးဂိတ်ကနေ ကန့်သတ်လိုက်ပါတယ်။

စစ်ရေးလေ့လာသူတစ်ဦးကတော့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြင်းဦးလွင်ကို အခုရက်ပိုင်း ဝင်တိုက်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။

“နောင်ချိုမှာ လက်ကျန်တပ်တွေ ရှင်းနေတာရယ်၊ ပြီးခဲ့တဲ့ မြို့သိမ်းတိုက်ပွဲမှာ စစ်ပန်းထားတာတွေ ရှိတော့ ပြင်ဦးလွင်ကို ဆက်တိုက် ဝင်လာဖို့တော့ အခုလောလောဆယ်မှာ မဖြစ်နိုင်သေးဘူလို့ ယူဆလို့ရပါတယ်။ တစ်လလောက်တော့ ကြာနိုင်သေးတယ်”

ဒါနဲ့ပတ်သက်လို့ တအာင်းတပ်မတော် (TNLA) ရဲ့ သတင်းပြန်ကြားရေးဌာနမှူး လွေးယေဦးကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ အကြောင်း မပြန်သေးပါဘူး။

ပြင်ဦးလွင်က မြို့ခံနဲ့ ဝန်ထမ်းမိသားစုတွေ နေရပ်စွန့်ခွာတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေးကာလ ဒုတိယပိုင်းမှာ ကိုးကန့်တပ်မတော် (MNDAA) နဲ့ မဟာမိတ်တပ်ဖွဲ့တွေက လားရှိုးမြို့ကို သိမ်းပိုက်ခဲ့ပြီး တအာင်းတပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မိုးကုတ်၊ မိုးမိတ်နဲ့ နောင်ချို၊ ကျောက်မဲမြို့ တွေကို သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။