ပြင်ဦးလွင်ကနေ နောင်ချို သွားလာခွင့် စစ်ကောင်စီ ကန့်သတ်
2024.08.08
မန္တလေးတိုင်း၊ ပြင်ဦးလွင်ကနေ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ဘက်ကို သွားလာတဲ့ လမ်းတွေကို စစ်ကောင်စီက သြဂုတ်လ ၇ ရက်နေ့မှာ ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်သုံးဆီအပါအဝင် စားသောက်ကုန် သယ်ယူခွင့်တွေကိုလည်း ပြင်ဦးလွင်နဲ့ နောင်ချိုမြို့အစပ်မှာရှိတဲ့ ဝက်ဝံရွာ စစ်ဆေးရေးဂိတ်ကနေ ပိတ်လိုက်ပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောင်ချို ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“နောင်ချိုဘက်ကနေ ပြင်ဦးလွင်ကို လာမယ်ဆိုရင်ရတယ်။ ပြင်ဦးလွင်ကနေ နောင်ချိုဘက် သွားဖို့ကိုတော့ ခွင့်မပြုတော့ဘူး အကုန်ပိတ်လိုက်ပြီ။ ဆီတစ်ဘူးတောင် သယ်လို့ မရတော့ဘူး။ အကုန်အခက်တွေ့အောင် လုပ်တာပေါ့ဗျာ”
အရင်ကတော့ တိုက်ပွဲကြောင့် ပြင်ဦးလွင်ကနေ နောင်ချိုသွားတဲ့ ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီဘက်က ပိတ်ထားပေမဲ့ ကျေးရွာလမ်းတွေကနေ တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်းသယ်ယူတာနဲ့ ခရီးသည်တွေ သွားလာခွင့် ရခဲ့ကြတာပါ။
လက်ရှိမှာ အဲဒီလမ်းတွေကိုလည်း ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
နောင်ချိုမြို့နဲ့ မိုင်လေးဆယ်နီးပါးဝေးတဲ့ ရေဖြူရွာနဲ့ တောင်ခမ်းရွာ အနီးမှာတော့ စစ်ကောင်စီရဲ့ အမြောက်တပ် (အမတ-၃၅၄) တပ်ရင်းနဲ့ တပ်စခန်းအချို့ကျန်နေပြီး စစ်ကောင်စီဘက်က ရှမ်းပြည်တောင်ပိုင်းကနေ စစ်ကူတွေ ပို့ထားတာကြောင့် အဲဒီရွာတွေ အနီးမှာ သြဂုတ်လ ၇ ရက်နေ့ မနေ့ကအထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ ဇူလိုင်လ ၁၀ ရက်နေ့က နောင်ချိုမြို့ကို တအာင်းတပ်မတော် (TNLA)နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ကတွေ သိမ်းယူခဲ့ပါတယ်။