NLD ကိုယ်စားလှယ်ဆွေးနွေးမှု တပ်မတော်ကိုယ်စားလှယ် ကန့်ကွက်
2018.08.15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ ဆွေးနွေးချက်ကို လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်ခဲ့တဲ့အတွက် လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ဖို့ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌက သဘောတူလိုက်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေကြမ်းကို ဆွေးနွေးစဉ်မှာ မတ်တပ်ရပ်ကန့်ကွက်တာပါ။
"လွှတ်တော်ကိုယ်စားလှယ်တွေသုံးတဲ့ အသုံးအနှုန်းနဲ့ စကားရပ်တွေဟာ ခိုင်ခိုင်မာမာ တိတိကျကျနဲ့ ပြောလို့ရတဲ့ဟာတွေဖြစ်လို့လိုပါတယ်၊ ကျန်တဲ့တခြားခိုင်မာမှုမရှိတဲ့ စကားလုံးတွေကိုသုံးလို့ရှိရင် လွှတ်တော်ရဲ့ပုံရိပ်ကိုလည်း ထိခိုက်နိုင်တယ်လို့ ယူဆပါတယ်၊ ဒါကြောင့်မို့ ဒီမှာသုံးသွားတဲ့အသုံးအနှုန်းကို မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ ကန့်ကွက်တာဖြစ်ပါတယ်"
ကန့်ကွက်ခဲ့တဲ့ ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းက ဘာကြောင့်ကန့်ကွက်တယ်ဆိုတာကို ပြောပါတယ်။
အဲဒီဥပဒေကြမ်းကို ဆွေးနွေးခဲ့တဲ့ အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးခွန်ဝင်းသောင်းက စစ်မှုထမ်းဟောင်းအဖွဲ့တွေက မြေတွေကို မဟားတရား သိမ်းယူတယ်ဆိုတဲ့ စကားရပ် ပါဝင်သွားတဲ့အတွက် ကန့်ကွက်တာလို့လည်း ပြောပါတယ်။
ကန့်ကွက်ခံရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဝင်းသောင်းကတော့ အဲဒီလိုကန့်ကွက်တဲ့အတွက် ပြည်သူတွေပိုသိသွားလို့ ကြိုဆိုတဲ့အကြောင်း ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကလည်း ကန့်ကွက်ချက်ကို လက်ခံပြီး အဲဒီစကားရပ်ကို လွှတ်တော်မှတ်တမ်းပယ်ဖျက်ဖို့ သဘောတူပါတယ်။
မနေ့ကလည်း အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဆွေးနွေးချက်မှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပညာရေးအမှောင်ခေတ်လို့ သုံးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်ခဲ့ပါသေးတယ်။