ရခိုင်ပြည်နယ်အရေး နိုင်ငံရေးပါတီတွေနဲ့ အစိုးရကော်မတီ ဆွေးနွေး


2019.05.09
rakhine-commission1-622 ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီနဲ့ ရခိုင်နိုင်ငံရေးပါတီတွေ၊ ရခိုင်အသင်းအဖွဲ့တွေ မေလ ၉ ရက်နေ့က ရန်ကုန်မြို့မှာ ဆွေးနွေးပွဲ ပြုလုပ်စဉ်။
Photo: MOI

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်နိုင်ငံရေးပါတီတွေ၊ ရခိုင်အသင်းအဖွဲ့တွေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အတွေ့အကြုံရှိ ပညာရှင်တွေနဲ့ ရန်ကုန်မြို့မှာ မနေ့က တွေ့ဆုံဆွေးနွေးရာမှာ ရခိုင်ပြည်နယ်ပဋိပက္ခတွေ ပြေငြိမ်းရေးအတွက် အကြောင်းအရာ ကန့်သတ်ချက်မရှိပဲ လွတ်လပ်ပွင့်လင်းစွာ ပြောဆိုကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီတွေနဲ့ ဒီကနေ့ မေလ ၁ဝ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း၊ ဒီခရီးစဉ်အတွင်း မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို တိုက်ရိုက်ကူညီမှာဖြစ်ကြောင်း၊ လက်ရှိ ပဋိပက္ခတွေကြောင့် မြေစာပင်ဖြစ်ရတဲ့ ပြည်သူတွေ ဇာတိဒေသစွန့်ခွာနေရကြောင်း၊ လယ်ယာကိုင်းကျွန်းတွေ စိုက်ပျိုးနိုင်ခြင်းမရှိရင် လာမယ့်နှစ်မှာ ရိက္ခာအခက်အခဲ ရှိနိုင်ကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ မနေ့က ကျင်းပတဲ့ တွေ့ဆုံပွဲတွေကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ ရခိုင်သဟာယအသင်း၊ ရခိုင်အမျိုးသားအသင်းချုပ်တို့က တာဝန်ရှိသူတွေ၊ ရခိုင်ပြည်နယ်အတွေ့အကြုံရှိ ပညာရှင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီပုဂ္ဂိုလ်တွေရဲ့ ဆွေးနွေးတင်ပြချက်တွေကိုတော့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။