ဧရာ၀တီတိုင်းနဲ့ ရခိုင်ရိုးမအစပ်က ရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး
2024.11.12
အာရက္ခတပ်တော် (AA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ ဧရာ၀တီတိုင်းထဲကို ဝင်မလာနိုင်အောင် ဧရာ၀တီတိုင်း ကျုံပျော်၊ မြန်အောင်နဲ့ ရေကြည်မြို့နယ်အတွင်းမှာရှိတဲ့ ရခိုင်ရိုးမအစပ်က ရွာတွေမှာ စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာတွေ လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်တိုင်းကနေ ပုသိမ်-မုံရွာလမ်းအတိုင်းဆင်းလာတဲ့ အင်အားတစ်ရာကျော်ပါ စစ်ကြောင်းက ရခိုင်ရိုးမအစပ်က ရွာတွေကို စစ်ကြောင်းထိုးနေတာလို့ ကျုံပျော်ဒေသခံတစ်ဦးက ပြောပါတယ်။
“လက်ရှိလည်း စစ်ကြောင်းထိုးထားတယ်လို့ ကျွန်တော်တို့ သိရတယ်။ စစ်ကြောင်းတွေ ရှိနေသေးတယ်။ အဓိကတော့ နယ်တွေမှာ များပါတယ်။ PDF တို့ဘာတို့ ရှိမယ်ထင်တဲ့ တောဘက်က နယ်တွေပေါ့။ ပြောရမယ်ဆို ကရင်တွေ များတဲ့ရွာတွေမှာ ပိုများတယ်လို့ သိရတယ်။ နောက်ပြီးတော့ အုပ်ကြီးတွေ လုပ်ကြံခံရတဲ့ နေရာတွေပေါ့ အဲဒီဘက်တွေကို စစ်ကြောင်းထိုးနေတာ”
စစ်ကြောင်းထိုးတာအပြင် ဒေသခံတွေကို အသွားအလာ ကန့်သတ်တာတွေလည်း ရှိလာတယ်လို့ သူက ပြောပါတယ်။
ဒီ့အပြင် ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းကို ဝင်ရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေ ပုံမှန်ဧည့်စာရင်း တိုင်ကြားရတာရှိသလို၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေထံ လက်မှတ်ထိုးပြီး နေထိုင်ရတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ တိုင်း လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ဧရာဝတိုင်း၊ ရေကြည်မြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် အစပ်က နေအိမ် သုံးရာခန့်ကို နီးစပ်ရာရွာတွေမှာ ပြောင်းရွှေ့နေထိုင်ဖို့ စစ်ကောင်စီတပ်က ညွှန်ကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး ဧရာ၀တီတိုင်း သာပေါင်း၊ ရေကြည်၊ ကြံခင်းနဲ့ မြန်အောင်မြို့နယ်တွေက သစ်တောကြိုးဝိုင်းနဲ့နီးတဲ့ ရွာတွေမှာ ခမရ (၁၀၈)၊ ခလရ (၃၆)၊ ခလရ (၅၁)နဲ့ အမတ (၃၄၄) တပ်တွေက စစ်ကြောင်းထိုးတာ၊ ကင်းပုန်းဝပ်တာအပြင် စစ်ဆေးရေးဂိတ်တွေပါ တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။