ချင်းပြည်နယ် ပလက်ဝမြို့မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ၅၂(ခ)တို့နဲ့ ဖမ်းဆီးတရားစွဲ ခံနေတဲ့ရတဲ့ လူငယ်နှစ်ဦးကို ဒီနေ့မနက်ပိုင်းမှာ ပလက်ဝမြို့နယ်တရားရုံးကနေ လွှတ်ပေးလိုက်တယ်လို့ မိသားစုဝင်က RFA ကိုပြောပါတယ်။
လွတ်မြောက်လာသူတွေဟာ အသက် ၁၇ နှစ်အရွယ် မောင်စိုးကျော်လင်းနဲ့ အသက် ၂၉ နှစ်အရွယ် ကိုထွန်းလင်းဇော်တို့ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီက ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးလိုက်ပြီးနောက် AA နဲ့ ဆက်နွယ်တယ်ဆိုပြီး အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံထားရသူတွေကိုလည်း အမှုပြန်ရုပ်သိမ်းတာတွေ ရှိနေတာဖြစ်ပါတယ်။
ဒီလူငယ်နှစ်ဦးလည်း တရားလိုက အမှုကို ပြန်ရုပ်သိမ်းလိုက်တဲ့အတွက် လွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ မောင်စိုးကျော်လင်းရဲ့ အမေဖြစ်သူ ဒေါ်ဒေါင်းမလေးက ပြောပါတယ်။ သူတို့ဟာ အပြစ်တစုံတရာမရှိဘဲ ဖမ်းဆီးတရားစွဲခံခဲ့ရတာဖြစ်ပြီး အခုလိုလွတ်မြောက်လာတဲ့အတွက် ဝမ်းသာမိတယ်လို့လည်း သူကဆိုပါတယ်။
သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် စတင်ဘာလ ၂၄ ရက်နေ့က စိမ့်စင်းကျေးရွာဘက်မှာ တံတားဆောက်လုပ်ဖို့သွားစဉ် ခမရ ၂၈၉ တပ်ရင်းကဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗိုလ်ကြီးသက်နိုင်ဦးက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခကာလအတွင်း ရခိုင်ပြည်နယ်မှာ အခုလို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့သူ ၂၀၀ ကျော် ရှိတယ်လို့ စစ်တွေအခြေစိုက် သဇင်ဥပဒေအထောက်ပြုအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။