တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်က မြို့နယ်တချို့မှာ ရေဘေးကြုံနေ
2024.07.25
စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲအပါအဝင် တောင်ကုတ်နဲ့ ဂွမြို့နယ်တွေမှာ ဇူလိုင်လ ၂၄ ရက် မနေ့ကစလို့ ချောင်းရေတွေ မြင့်တက်လာပြီး မြေအနိမ့်ပိုင်းမှာရှိတဲ့ ကျေးရွာ၊ ရက်ကွက်က နေအိမ်တွေ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
လက်ရှိအချိန်အထိ မိုးအဆက်မပြတ် ရွာနေဆဲဖြစ်ပြီး စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံတွေ အခက်အခဲဖြစ်နေကြတယ်လို့ သံတွဲမြို့ကနေ နေရပ်စွန့်ခွာလာတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
“အခု မိုးတွေလည်း အရမ်းရွာနေတယ်။ နေရာတော်တော်များများမှာ ရေကြီးနေတာ။ အခု ကျွန်မတို့ နေတဲ့ရွာမှာဆိုရင် နေအိမ်တွေ ရေမြုပ်နေပြီ။ စစ်ဘေးရှောင်ရင်း အခက်အခဲ ဖြစ်နေကြပါတယ်ဆိုမှ အခု ရေဘေးက တစ်မျိုး။ အခက်အခဲမျိုးစုံပဲ။ ကလေးတွေ၊ သက်ကြီးပိုင်းတွေနဲ့ဆိုတော့ ဘယ်မှာနေလို့ နေရမယ်မှန်းတောင် မသိတော့ဘူး”
သံတွဲမြို့နယ်က စစ်ဘေးဒုက္ခသည်တွေ အများဆုံးရှိနေတဲ့ ဂွနဲ့ တောင်ကုတ်မြို့နယ်က ကျေးရွာတွေမှာ ရေကြီး၊ ရေလျှံမှုတွေဖြစ်ပြီး နေအိမ်တွေ ရေနစ်မြုပ်လို့ စားနပ်ရိက္ခာ အခက်အခဲရှိလာပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ရေဘေးကြုံနေရတဲ့ ကျွေးရွာ၊ ရပ်ကွက်အရေအတွက်နဲ့ ရေဘေးသင့်တဲ့ ဒေသခံအရေအတွက် ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။