ရခိုင်ပြည်နယ် မြေပုံမြို့ စညှင်းရွာ စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်သူနှစ်ဦး ဇွန်လ ၁၄ ရက်နေ့ မနေ့က မိုင်းနင်းမိလို့ တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ စညှင်းရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းက RFA ကို ဒီကနေ့ ပြောပါတယ်။
မိုင်းကြောင့် အသက် ၃၅ နှစ်အရွယ် ဦးမောင်တင်သန်းဟာ ခြေနှစ်ဖက်လုံးပြတ်ပြီး သေဆုံးခဲ့သလို အသက် ၂၉ နှစ်အရွယ် ဦးမောင်ကြည်ဝင်းကတော့ လက်မောင်းနဲ့ ဝမ်းဗိုက်မှာ ဒဏ်ရာရခဲ့တာကြောင့် ကမ်းထောင်းကြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပြောပါတယ်။
စားဝတ်နေရေးအခက်အခဲကြောင့် တောင်ပေါ်မှာ မျှစ်သွားခူးချိန် မိုင်းနင်းမိတာလို့ ဦးမောင်ရွှေသိန်းက ပြောပါတယ်။
“သူတို့က ဒုက္ခသည်စခန်းမှာနေတာဆိုတော့ စားဝတ်နေရေး အဆင်မပြေဘူးလေ။ ဒါကြောင့် စားဖို့သောက်ဖို့ တောမှာ မျှစ်ခူးတယ်၊ ရောင်းတယ်။ အဲဒီလိုပဲ စားသောက် နေကြရတာ။ အဲဒီမှာ မနေ့က မိုင်းထိလို့ ဒုက္ခသည်တစ်ယောက် သေတယ်။ တစ်ယောက်က ဒဏ်ရာရသွားတယ်”
သေဆုံးသွားတဲ့ ဦးမောင်တင်သန်းမှာ အမျိုးသမီးနဲ့အတူ အသက် လေးနှစ်ခွဲအရွယ်နဲ့ ခုနစ်နှစ်အရွယ် သားနှစ်ဦး ကျန်ခဲ့တာကြောင့် သူတို့ မိသားစုရပ်တည်ရေး ပိုပြီး ခက်ခဲသွားပြီလို့လည်း ဦးမောင်ရွှေသိန်းက ပြောပါတယ်။
မိုင်းနင်းမိတဲ့တောင်တန်းဟာ စစ်ဘေးဒုက္ခသည်စခန်းရဲ့ မြောက်ဘက် ခြေလျင်နဲ့ တစ်နာရီခရီးလောက်ဝေးပြီး အရင်က ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်တပ် တိုက်ပွဲတွေ ဖြစ်ခဲ့ဖူးသလို လက်ရှိစစ်ကောင်စီက တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုပေါက်ကွဲခဲ့တဲ့မိုင်းဟာ ဘယ်အဖွဲ့ကထောင်ထားခဲ့တဲ့မိုင်းလဲ ဆိုတာတော့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်စဲနေပေမယ့် စစ်ကောင်စီတပ်စခန်းချထားတဲ့ အနီး အနားတွေမှာ မြေမြှုပ်မိုင်း ပေါက်ကွဲတာတွေရှိတဲ့အတွက် ဒေသခံတွေအနေနဲ့ အဲဒီနေရာ တွေကို မသွားကြဖို့ AA ပြောခွင့်ရ ခိုင်သုခက ဇွန်လ ၁၄ ရက် မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း သတိပေးထားပါတယ်။