"အဖရခိုင်ပါတီ" အမည်နှင့်ပါတီသစ် မှတ်ပုံတင်ခွင့် ပယ်ချခံရ


2018.08.31
uec-622 နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အဆောက်အအုံ အဝင်ဝကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်မှာ အခြေစိုက်မယ့် “အဖရခိုင်ပါတီ” တည်ထောင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ငြင်းပယ်လိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူတွေ့ဆုံခဲ့တဲ့အပေါ် ပါတီတည်ထောင်ခွင့် လျှောက်ထားရာမှာ ပါဝင်တဲ့ ဦးစိုးဝင်းက ပြောပါတယ်။

"ဒီနေ့ ၃၁ ရက်နေ့ပေါ့နော်၊ ၁ဝ နာရီမှာ ကော်မရှင်ရုံးက ဆွေးနွေးမယ်ဆိုပြီးတော့ ဖိတ်ကြားတယ်ပေါ့၊ သူတို့အဓိက ပြောချင်တာကတော့ အဖရခိုင်ဆိုတဲ့ နာမည်နဲ့က သူတို့ခွင့်ပြုချက် မပေးနိုင်ဘူးပေါ့လေ၊ အကျဉ်းချုံ့လိုက်ရင်တော့ အဲဒီလို အဓိပ္ပါယ်ရပါတယ်၊ ပြောတာကတော့ တော်တော် အများကြီးရှိပါတယ်၊ တချို့ကော်မတီဝင်တွေကလည်း ဒီလိုနာမည်မျိုးနဲ့ ခွင့်ပြုမယ်ဆိုလို့ရှိရင် ကျန်တဲ့တိုင်းရင်းသားတွေကလည်း ဥပမာအားဖြင့် အဖရှမ်းပါတီ၊ အဖမွန်ပါတီဆိုပြီး ပေါ်လာမယ်ပေါ့နော်၊ အဲဒါမျိုးတွေလည်း ပြောလိုက်တာတွေ လည်းရှိပါတယ်"

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒေါက်တာအေးမောင်ဟာ အဲဒီပါတီက နုတ်ထွက်ခွင့်တင်ပြီးနောက် ပါတီတည်ထောင်လိုသူတွေက ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့တာပါ။

ဒါပေမဲ့ ပါတီတည်ထောင်လိုသူ စာရင်းထဲမှာ ဒေါက်တာအေးမောင် မပါဝင်ဘူးလို့ သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပြီးမှ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပြီး တခြားပါတီနာမည်တစ်ခုကို စဉ်းစားဖို့လည်း ပါတီတည်ထောင်လိုသူတွေကို ပြောခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အခုလိုငြင်းပယ်လိုက်တဲ့အတွက် နောက်ထပ် နာမည်သစ်တစ်ခုနဲ့ ပါတီတည်ထောင်ခွင့် ထပ်ပြီး လျှောက်ထားမလားဆိုတာကိုတော့ ဆွေးနွေးရဦးမှာဖြစ်တယ်လို့ ဦးစိုးဝင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။