ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ လွှတ်တော် နှစ်ဘက်စလုံးအနေနဲ့ ကိုယ်စီကိုင်စွဲထားကြတဲ့ မာနတွေကို မလျှော့ကြ ဘူးဆိုရင် ရခိုင်ပြည်သူတွေ နစ်နာမယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး နောက်ဆုံးနေ့မှာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောဆိုလိုက်တာဖြစ်ပါတယ်။
"လွှတ်တော်ရော အစိုးရအဖွဲ့ရော နှစ်ဖက်စလုံးက ပူးပေါင်းညှိနှိုင်းဆောင်ရွက်ဖို့လိုပါတယ်၊ အထူးသဖြင့် အစိုးရအဖွဲ့ရော လွှတ်တော်ရော မာနတွေကို လျော့ချဖို့လိုတယ်၊ အစိုးရဘက်ကလည်း ဘတ်ဂျက်ဆိုတာ ငါတို့ဆွဲလို့ရတယ်၊ လွှတ်တော်ရဲ့ အကြံပြုချက်တွေကို ငါတို့ ဂရုထားစရာမလိုဘူး၊ ဥပဒေထဲမှာ လွှတ်တော်ရဲ့ အကြံပြုချက်တွေကို မလွဲမသွေလက်ခံရမယ်လို့မပါဘူး၊ ဒါကြောင့် ငါတို့ကြိုက်သလိုဆွဲမယ်ဆိုတဲ့ မာနမျိုးလျော့ချဖို့လိုပါလိမ့်မယ်"
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း အစိုးရဘက်ကတင်ပြလာတဲ့ ဘဏ္ဍာငွေတွေအပေါ်မှာ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကိုအသုံးချပြီး ဖြတ်တောက်တာတွေမလုပ်ဖို့ လိုအပ်တယ်လို့ လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။
ဒီနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ပြည်ထောင်စုအစိုးရက ချထားပေးတဲ့ ဘဏ္ဍာငွေကျပ် ၇ဝ ဘီလီယံထဲက ၆ ဘီလီယံကျော်ကို ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်က ဖြတ်တောက်ခဲ့ပါတယ်။ အဲဒီ ၆ ဘီလီယံကျော် ဖြတ်တောက်ခံရတဲ့အထဲမှာ ကျောက်တော်၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွ စတဲ့မြို့နယ်တွေက အဆင့်မြင့်ဈေးတွေ ပါသလို လမ်းပြင်ဆင်တဲ့စီမံကိန်း စတဲ့ခေါင်စဉ်တွေ ပါဝင်နေပြီး အဲဒါတွေဟာ မလိုအပ်တဲ့အတွက် ဖြတ်တောက်တာ လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
အခုကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ၂ဝ၁၈-၁၉ ဘဏ္ဍာရေးနှစ် အရအသုံးဆိုင်ရာ ခန့်မှန်းငွေစာရင်းအပေါ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၈ ဦးက ထောက်ပြဆွေးနွေးခဲ့ပြီး လွှတ်တော်ရဲ့ ဆွေးနွေးချက်တွေကို ပြည်နယ်အစိုးရအဖွဲ့က အလေးအနက်ထား ဆောင်ရွက်ဖို့ကိုလည်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။
