ရခိုင်ပြည်နယ်က လက်ကျန်မြို့တွေကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေကြောင်း AA ပြော

RFA Burmese
2024.09.14
ရခိုင်ပြည်နယ်က လက်ကျန်မြို့တွေကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေကြောင်း AA ပြော သံတွဲမြို့နယ်အခြေစိုက် မောင်ရွှေလေးရေတပ်စခန်းအား သိမ်းပိုက်နိုင်ကြောင်း အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က ထုတ်ပြန်ထားစဉ်။
AA info Desk

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ အပါအဝင် သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ မြို့နယ် ခုနစ်မြို့နယ်ကို တစ်မြို့မကျန် အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ဆင်နေတယ်လို့ အာရက္ခတပ်တော် (AA) က စက်တင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သိမ်းပိုက်ဖို့ကျန်နေတဲ့ စစ်တွေ၊ မောင်တော၊ တောင်ကုတ်၊ ဂွ၊ အမ်း၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကို ထိုးစစ် ဆက်လက်ဆင်နွှဲနေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဲဒီမြို့နယ်တွေထဲမှာ မောင်တောမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ဖို့အတွက်တော့ စစ်ကောင်စီရဲ့ နခခ-၅ တပ်စခန်းတစ်ခုသာ ကျန်တော့တယ်လို့ AA က ပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲ ဆယ်လပြည့်ချိန်မှာ ရခိုင်ပြည်နယ်အတွင်းက ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ သံတွဲမြို့အပြင် ချင်းပြည်နယ်က ပလက်၀ဒေသတို့ကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီလို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်တစ်ခုလုံး စစ်ကောင်စီတပ် ကင်းစင်ရေးဟာ AA ရဲ့ ပထမဆုံး စစ်ရေးရည်မှန်းချက်ဖြစ်တဲ့အပြင် တစ်နိုင်ငံလုံးက အဖိနှိပ်ခံလူထုရဲ့ တော်လှန်ရေး ရည်မှန်းချက်ဖြစ်မယ်လို့လည်း ယုံကြည်ကြောင်း AA က ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းယူထားတဲ့ နယ်မြေတွေကို ပြန်လည်ရရှိဖို့အတွက် လိုအပ်တာတွေ တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ စက်တင်ဘာလ ၃ ရက် တောင်ကြီးမြို့ ခရီးစဉ်မှာ ပြောခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့ရွာတွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး လူအစုလိုက်အပြုံလိုက် သေဆုံးမှုတွေ လည်း တိုးလာတာပါ။

စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ရခိုင်ပြည်နယ် မောင်တောနဲ့ ပေါက်တောက AA ရဲ့ ယာယီအကျဉ်းစခန်းတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းတွေ၊ အရပ်သားတွေနဲ့ ထိန်းသိမ်းခံထားရသူ လူပေါင်း ခုနစ်ဆယ်ခန့် သေဆုံးခဲ့ကြောင်း AA က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။