ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကော်မတီ စစ်တွေကို ကွင်းဆင်းတွေ့ဆုံ

0:00 / 0:00

အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ သီးခြားစီ တွေဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ကော်မတီနဲ့ဆွေးနွေးရာမှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ရာမှာ ကူညီဆောင်ရွက်ဖို့ မူအရ သဘောတူညီခဲ့ပြီး ကော်မတီလုပ်ဆောင်ချက်တွေကို စောင့်ကြည့်သွားမယ်လို့ RFA ကိုပြောပါတယ်။

အစိုးရကထုတ်ပြန်တဲ့ ရခိုင်ပြည်နယ်သတင်းတွေမှာ မြေပြင်က အခြေအနေတွေနဲ့ ကွာခြားနေတာကြောင့် ပြန်လည်စီစစ်ဖို့ကိုလည်း တိုက်တွန်းခဲ့တယ်လို့ ဦးစံကျော်လှက ပြောပါတယ်။

ဒီကော်မတီနဲ့ တွေဆုံဖို့ စစ်တွေမြို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကော်မတီကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ဖိတ်ကြားခဲ့ပေမယ့် အရပ်ဘက်ကိုယ်စားလှယ်တွေက တွေဆုံဖို့ကို ငြင်းဆိုခဲ့ကြပါတယ်။

ဒီကော်မတီဟာ ရခိုင်ပြည်နယ် အစိုးရ၊ လွှတ်တော်၊ ရခိုင်ပါတီတွေ၊ အရပ်ဘက်အဖွဲတွေနဲ့တွေ့ဆုံပြီး ရရှိလာတဲ့ အချက်အလက်တွေကို နိုင်ငံတော် သမ္မတ ထံ အစီရင်ခံစာရေးသား တင်ပြရမယ်လို့လည်း သိရပါတယ်။

မနေ့တုန်းကလည်း ရန်ကုန်မြို့အခြေစိုက် ရခိုင်နိုင်ငံရေးပါတီတွေ၊ ရခိုင်အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် တည်ငြိမ်ရေးအတွက် အကြံဉာဏ်တွေ တောင်းခံခဲ့တယ်။

အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ကွင်းဆင်းဆောင်ရွက်ဖို့ ဒီကော်မတီကို ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဖွ့ဲစည်းတာဝန်ပေးလိုက်တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။