ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တောင်ပိုင်း မူစဲကမ်းဒေသမှာ တပ်မတော်စစ်ကြောင်းတွေက AA အဖွဲ့နဲ့ ပတ်သက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် နောက်ထပ်ဒေသခံ နှစ်သောင်းနီးပါးလောက်ဟာ ပြည်နယ်မြို့တော် စစ်တွေနဲ့ တခြားနီးစပ်ရာမြို့နယ်တွေကို ထွက်ပြေးလာကြရပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တောင်ပိုင်း မူစဲကမ်းဒေသမှာ အခုရက်ပိုင်းတွေအတွင်း တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကြရတဲ့ ဒေသခံအရေအတွက်ဟာ နှစ်သောင်းနီးပါးရှိပြီး ဒီအထဲက ၃၀၀ ကျော်ဟာ မနေ့ညနေပိုင်းမှာ စစ်တွေမြို့ကို ရောက်ရှိလာကြပါတယ်။
မူစဲကမ်းဒေသ ရွှေလောင်းတင်ကျေးရွာကနေ မိသားစုနဲ့အတူ ထွက်ပြေးလာတဲ့ ဒေါ်ဦးစိန်နုက သူတို့မိသားစုဟာ အပြန်အလှန် ပစ်ခတ်သံတွေကြားထဲကနေ ထွက်ပြေးလာခဲ့ရတာလို့ RFA ကို ပြောပြပါတယ်။
"ကံပြင်ရွာဘက်ကပစ်တော့ လမ်းမဘေးမှာ ကျွန်မတို့ ပုန်းနေကြရတယ်။ ပစ်သံကြားလို့ ပြေးကြတယ်၊ မှောက်လဲကြတယ်။ သမီးတွေ၊ မြေးတွေနဲ့လည်း ကွဲသွားကြတယ်။ နောက်တစ်ချက်ပစ်ပြီဆိုရင် ထပ်ပုန်း ရတယ်။ အဲဒီလို ပြေးလာကြတယ်။ နောက်တစ်ချက်ပစ်တဲ့အခါ ကုန်တန်းဆိုတဲ့ ရွာထဲကိုဝင်တယ်။ ပြီးရင် ဦးဂါရွာကိုရောက်တော့ ပစ်ခတ်တာတော့ မကြားရတော့ဘူး။ အဲဒီ ဦးဂါရွာကလူတွေကလည်း အကုန်လုံး ပြေးကြတယ်။ ကျွန်မတို့လည်း ဒီမှာနေလို့ မဖြစ်ဘူးဆိုတော့ ရေပိုက်ဆုံရွာကို ပြေးတယ်။ အဲဒီရွာကိုရောက် တော့ နေဝင်သွားပြီ"
ရွှေလောင်းတင်ကျေးရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီး ရွာနဲ့မလှမ်းမကမ်းမှာရှိတဲ့ ကံပြင်ရွာဘက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့ ရွာသားတွေက ပြောပါတယ်။
ရသေ့တောင်မြို့နယ် တောင်ပိုင်း မူစဲကမ်းဒေသမှာ ၂၄ ရွာရှိပြီး လူပေါင်း သုံးသောင်းကျော် နေထိုင်ပါတယ်။
ဒီဒေသကို ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကနေစလို့ တပ်မတော်စစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အတွက် ရွာပေါင်း ၂၀ နီးပါးက ဒေသခံနှစ်သောင်းနီးပါးဟာ အခုရက်ပိုင်းတွေအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေက RFA ကို ပြောပါတယ်။
ဒီနေ့တစ်ရက်တည်းမှာ မူစဲကမ်းလှေဆိပ်ကနေ စစ်တွေမြို့နယ် ပါဒလိတ်လှေဆိပ်ကို စက်လှေနဲ့ ကူးနေကြတဲ့ လူပေါင်း တစ်ထောင်ကျော်ခန့်ရှိတယ်လို့ လှေဆိပ်မှာစောင့်ကြည့်နေတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
စစ်တွေမြို့ကို ရောက်ရှိလာတဲ့ ရွှေလောင်းတင်ကျေးရွာက ဒေါ်မအေးစိန်က အခုရက်ပိုင်း မူစဲကမ်းဒေသမှာ တိုက်ပွဲတွေဖြစ်တာမကြားမိသေးကြောင်း၊ ဒါပေမဲ့ တပ်မတော်စစ်ကြောင်းတွေက ကျေးရွာတွေအနီးမှာ ပစ်ခတ်တာတွေရှိနေကြောင်း၊ ဒါ့ကြောင့် သူတို့အနေနဲ့ ထွက်ပြေးလာကြရတာလို့ RFA ကို ပြောပါတယ်။
"သူတို့က မြစ်ကလည်းပစ်လို့သွားတယ်။ ဘာမှမဟုတ်ဘဲနဲ့လည်း အလိုလိုပစ်ပြီးတော့သွားတယ်။ ကျွန်မတို့က တံငါ၊ စားလို့လည်း မရဘူး။ ကျွန်မတို့ ရွာသားတွေက တော်တော်လေးကို အခက်အခဲဖြစ်တယ်။ ကျွန်မတို့ မှာက တံငါလုပ်မှ ထမင်းစားရတာ။ တံငါမလုပ်ရရင် မထင်းမစားရဘူး။ အခုက အဲဒီအလုပ်တွေလည်း လုပ်လို့မရတော့ဘူး။ အခုရွာနားတွေက ပစ်သံကြားလို့ ထွက်ပြေးလို့ ဒီကျောင်းကို ရောက်လာခဲ့တာပါ"
စစ်တွေမြို့ကို ထွက်ပြေးလာသူတွေထဲမှာ လူငယ်၊ လူလတ်ပိုင်းအရွယ် အမျိုးသားတွေလည်း အများအပြား ပါဝင်ပါတယ်။
တပ်မတော်စစ်ကြောင်းတွေက AA အဖွဲ့ဝင်ဆိုတဲ့ သံသယနဲ့ လူငယ်၊ လူလတ်ပိုင်းတွေကို ဖမ်းဆီးတာ၊ မေးမြန်းတာနဲ့ ရိုက်နှက်စစ်ဆေးတာတွေ ရှိတတ်တဲ့အတွက် စိုးရိမ်ပြီး ထွက်ပြေးလာခဲ့ရတာလို့ မူစဲကမ်းဒေသခံ ကိုဇော်ဝင်းနိုင်က ပြောပါတယ်။
"သူတို့က လူငယ်ပိုင်းတွေဆိုရင် မသင်္ကာလို့ စစ်ဆေးတယ်။ ပြီးရင် နှိပ်စက်တယ်။ သူတို့ကို မေးမယ်။ ရွာမှာရှိတဲ့ လူငယ်တွေက ဘာမှနားလည်တာ မဟုတ်ဘူး။ မတော်မတရား သေနတ်ဒင်နဲ့ ရိုက်တယ် အဲဒီလိုလုပ်တယ်"
ရခိုင်ပြည်နယ်မြောက်ပိုင်း တပ်မတော်စစ်ကြောင်းတွေ ဝင်ရောက်တဲ့ရွာတွေမှာ ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုပစ္စည်း တွေကို ဖျက်ဆီးခံရတာ၊ ရွှေငွေတွေ ပျောက်ဆုံးတာ၊ နေအိမ်တွေကို မီးရှို့ခံရတာ၊ ပစ်ခတ်ခံရလို့ သေဆုံးတာ စတဲ့သတင်းတွေကြောင့် ဒေသခံတွေဟာ တပ်မတော်စစ်ကြောင်းတွေ ရောက်လာရင် ကြောက်လန့်ထွက်ပြေး နေကြရတာ ဖြစ်ပါတယ်။
တပ်မတော်ဟာ ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်အောင် ဘယ်တော့မှ မလုပ်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူတွေက မကြာခဏ ပြောဆိုထားကြပေမယ့် ဒေသတွင်းမှာ အစိုးရက အင်တာနက်ကို ဖြတ်တောက်ထားတာကြောင့် တပ်မတော် စစ်ကြောင်းတွေနဲ့ပတ်သက်ပြီး သတင်းတွေအမျိုးမျိုး ပျံ့နှံ့နေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
မူစဲကမ်းဒေသကနေ စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိလာသူတစ်ဦးဖြစ်တဲ့ ဒေါ်နန်းစိုးက အခုလို ပြောပါတယ်။
"စစ်သားတွေကို ကြောက်ရတဲ့အကြောင်းက ပစ်ခတ်ခံရလို့ သေကြတယ်။ ခြေထောက်ပြတ်သွားကြတယ်။ မိန်းကလေးတွေကိုခေါ်ပြီး အဓမ္မပြုကျင့်တယ်လို့ အဲဒီလိုကြားရတယ်။ ကျွန်မတို့တော့ အဲဒီလိုမကြုံဖူး သေးဘူး။ အဲဒီလိုဖြစ်မှာကို စိုးရိမ်လို့ ကျွန်မတို့ ရှောင်ပြေးလာတာပါ"
မစဲကမ်းဒေသ စစ်ကြောင်းတွေရဲ့ အခြေအနေ၊ ဒေသခံတွေရဲ့ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က တုံ့ပြန်ပြောဆိုချက်တွေရဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA က တယ်လီဖုန်းကနေ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်ကလည်း ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းရွာနဲ့ အနီးဝန်းကျင်မှာ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်မယ်ဆိုတဲ့ ကြေညာချက်ကြောင့် ဒေသခံနှစ်သောင်းဝန်းကျင်ခန့်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိလာတဲ့ မူစဲကမ်းဒေသခံ ၃၀၀ ကျော်ကို စစ်တွေမြို့ပေါ်က သောဘိတာရာမ ကျောင်းမှာ လတ်တလော ယာယီနေရာချထားပေးပါတယ်။
အခုလို နေရာအနှံ့ကို အစုလိုက်အပြံလိုက် ထွက်ပြေးလာနေကြတဲ့ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ ရခိုင် ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကို RFA က ဒီနေ့ညနေက တယ်လီဖုန်းကနေတဆင့် မေးမြန်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒီနေ့အထိ ရခိုင်မြောက်ပိုင်းမှာ တကျော့ပြန် ပြင်းထန်လာနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက် ပြေးနေကြရတဲ့ ဒုက္ခသည်ဟာ နှစ်သိန်းနီးပါးအထိရှိနေပြီလို့ အကူအညီပေးနေသူတွေက ခန့်မှန်းကြပါတယ်။
