ရသေ့တောင်က AA စခန်းတွေကို မနက်ဖြန်အပြီး ရွှေ့ခိုင်းလို့ ဒေသခံတွေ ကြောက်လန့် ထွက်ပြေးရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီး ပြားချောင်းကြီးရွာနားက ရက္ခိုင့်တပ်တော် (AA) ရဲ့ စခန်းတွေကို ဩဂုတ်လ ၂၅ ရက် မနက်ဖြန်နောက်ဆုံး ပြောင်းရွှေ့ဖို့ စစ်ကောင်စီ တပ်ဘက်က ပြောလာတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ (၅၃၆)၊ (၅၃၇) နဲ့ (၅၃၈) တွေရဲ့ ဗျူဟာမှူးဟာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေတစ်ဆင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေထံ အကြောင်းကြားလာတာလို့ ဒေသခံတွေက ပြောပါတယ်။

AA ဘက်ကလည်း ပြောင်းရွှေ့ပေးမယ့် အခြေအနေ မမြင်ရလို့ တိုက်ပွဲတွေဖြစ်လာမှာ စိုးရိမ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“AA စခန်းတွေကို ပြောင်းရွှေ့ပေးဖို့ စစ်တပ်က သတိပေးထားတာရှိပါတယ်။ AA ကတော့ ပြောင်းရွှေ့ပေးဖို့ အခြေအနေ မမြင်တွေ့ရဘူး။ သူတို့ပြောထားတာကလည်း မနက်ဖြန်အထိပဲ ဆိုတော့ မနက်ဖြန်တိုက်ပွဲ ဖြစ်ချင်လည်း ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဒေသခံတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးနေကြတယ်”

ဒါကြောင့် အဲဒီရွာအနီးက ပြားချောင်းကြီး၊ အလယ်ရွာ၊ ပြင်ခေါင်ရွာသစ်၊ ပြင်ခေါင် ရွာဟောင်း စတဲ့ရွာတွေက ဒေသခံ တစ်ထောင်ကျော်လောက် ရသေ့တောင်မြို့ပေါ်နဲ့ နီးစပ်ရာ ရွာတွေကို ထွက်ပြေးသွားပြီလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ဒီရွာတွေအနီးကို စစ်ကောင်စီတပ်သားတွေ ရောက်လာ တာကြောင့် နှစ်ဖက် စစ်ရေးတင်းမာခဲ့ပြီး ဒေသခံတွေ ထွက်ပြေးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲ ဖြစ်ခဲ့တာကြောင့် ချိန်ခါလီ၊ ကိုးတန်ကောက်၊ ကြံတိုင်းအောင် စတဲ့ ရွာတွေက ဒေသခံ ထောင့်ငါးရာကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။