အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ သဘောတူညီမှုရ


2019.07.11
rcss-nrpc-622-2.jpg

NRPC နဲ့ RCSS/SSA တို့ ၂ဝ၁၉ ဇူလိုင် ၁၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် (Photo: Thiha Tun/RFA )

rcss-nrpc-622-1.jpg

NRPC နဲ့ RCSS/SSA တို့ ၂ဝ၁၉ ဇူလိုင် ၁၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် (Photo: Thiha Tun/RFA )

rcss-nrpc-622-3.jpg

NRPC နဲ့ RCSS/SSA တို့ ၂ဝ၁၉ ဇူလိုင် ၁၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် (Photo: Thiha Tun/RFA )

rcss-nrpc-622-4.jpg

NRPC နဲ့ RCSS/SSA တို့ ၂ဝ၁၉ ဇူလိုင် ၁၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် (Photo: Thiha Tun/RFA )

၂၀၁၉ ခုနှစ်အတွင်း စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးနဲ့ အဲဒီမတိုင်ခင် ရှမ်းပြည်နယ်မှာ မကျင်းပရသေးတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့ သဘောတူညီခဲ့တယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA က ဗိုလ်ချုပ် ဘောင်ခေး က ပြောပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC တာဝန်ရှိသူတွေ နဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA ကိုယ်စားတွေလှယ်တွေဟာ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံအပြီးနောက်ပိုင်းမှာ ၈ ကြိမ်မြောက် အလွတ်သဘောတွေ့ဆုံပွဲကို ဒီနေ့ နေပြည်တော် NRPC မှာ ပြုလုပ်ခဲ့တာပါ။

RCSS/SSA အဖွဲ့က ဗိုလ်ချုပ် ဘောင်ခေး က ၂၀၁၉ ခုနှစ်အတွင်း စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတူ ကြိုးပမ်းဖို့နဲ့ ရှမ်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ သဘောတူညီခဲ့တယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပခင် အကြိုလူထုတွေ့ဆုံပွဲတွေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း RCSS က ဦးဆောင်ကျင်းပရာမှာ တပ်မတော်နဲ့ အစိုးရဘက်က တားမြစ်ခဲ့တာကြောင့် နိုင်ငံရေးဆွေးနွေးပွဲအဆင့်အထိ မရောက်ဘဲ အကြိုတေ့ွဆုံပွဲတွေမှာတင် ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။

အဲဒီတေ့ွဆုံပွဲတွေကို လင်းခေးမြို့မှာသာ ကျင်းပဖို့ နဲ့ ကျန်တဲ့နေရာတွေမှာ ခွင့်မပြုဘူးဆိုပြီး ရှမ်းပြည်နယ် အစိုးရအဖဲ့ွက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ စာထုတ်တားမြစ်ခဲ့တာပါ။

တစ်နှစ်ကျော်ကြာအောင် မကျင်းပနိုင်သေးတဲ့ စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကို ဒီ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာဖြစ်စေ ဒါမှမဟုတ် ၂၀၂၀ နှစ်ဆန်းပိုင်း ဇန်နဝါရီလထဲမှာဖြစ်စေ ကျင်းပလိုတယ်လို့ RCSS အဖွဲ့က ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

ဒီနေ့တွေ့ဆုံရာမှာ ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်ဖို့ အစိုးရရဲ့ အဆိုပြုချက် ၄ ရပ်ကိုဆွေးနွေးနိုင်ခဲ့ပြီး အဲဒီအချက်တွေကို အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားမှာ ပြန်လည် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ အရင်က ကျင်းပခွင့်မရခဲ့တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့လည်း လမ်းပွင့်သွားပြီလို့ စိုင်းငင်းက ပြောပါတယ်။ ဒါပေမဲ့ အဲဒီဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ အသေးစိတ်ထပ်မံဆွေးနွေးဖို့ လိုသေးတယ်လို့လည်း ဆိုပါတယ်။

ဒီနေ့ နေပြည်တော် NRPC မှာကျင်းပတဲ့ ဆွေးနွေးပွဲကို RCSS/SSA ဘက်က ဗိုလ်ချုပ် ဘောင်ခေး ဦးဆောင်ပြီး NRPC ဘက်က ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင် တက်ရောက်ခဲ့တာပါ။

NRPC ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း က လက်ရှိကြိုးပမ်းနေတဲ့ ငြိမ်ချမ်းရေး လုပ်ငန်းစဉ်ကို လမ်းကြောင်း မှန်ပေါ်ကနေ ပျက်ပြယ်သွားအောင်၊ သွေဖယ်သွားအောင် လုပ်နေတဲ့ သူတွေရှိတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်ပြယ်အောင် လုပ်နေသူတွေဟာ ဘယ်သူတွေလဲ၊ ဘယ်အဖွဲ့အစည်းတွေလဲ ဆိုတာကိုတော့ အတည်အကျ ပြောကြားခြင်းတော့ မရှိပါဘူး။

ငြိမ်းချမ်းရေးလမ်းကြောင်းကနေ သွေဖီမသွားရအောင် ဝိုင်းဝန်းထိန်းသိမ်းကြိုးပမ်းပေးတဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ ခေါင်းဆောင်တွေကို ကျေးဇူးတင်ရှိကြောင်းလည်း သူကပြောပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။