ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ရှမ်း ပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တို့ရဲ့ တိုက်ပွဲတွေအတွင်း RCSS/SSA က ဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်း ၂၄ ဦးကို ဩဂုတ်လ ၆ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ RCSS ရဲ့ သတင်းတွေကို အမြဲဖော်ပြနေတဲ့ Tai Freedom စာမျက်နှာမှာ မနေ့က ဖော်ပြထားပါတယ်။
ပြန်လွှတ်ပေးလိုက်သူတွေဟာ သီပေါ၊ မိုင်းရယ်၊ ကျေးသီး၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရှူးမြို့ နယ်တွေကဖြစ်ပြီး SSPP တပ်သား အပါအ၀င် သတင်းပေးသူ ၂၃ ဦးနဲ့ TNLA တပ်ဖွဲ့ဝင် တစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ RCSS တပ်ဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ် ကြီး စိုင်းရီ က
"လွတ်မြောက်သူတွေဟာ ဘာကတိကဝတ်မှ ပေးစရာမလိုဘဲ မိမိတို့ဒေသကို ပြန်နိုင်သလို နေရပ်ပြန်ရေးအတွက်ကိုလည်း RCSS တပ်ဖွဲ့ဝင်တွေက တာဝန်ယူပြီး ရှမ်းမြောက်နယ်စပ် မိုင်းကိုင်မြို့အထိ လိုက်လံပို့ဆောင်ပေးမှာဖြစ်တယ်" လို့ Tai Freedom သတင်းကို ဖြေဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာလည်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို သတင်းပေးသူလို့ စွပ်စွဲပြီး ဖမ်းဆီးထားတဲ့ ရေအိုးရွာသူကြီးနဲ့ သားနှစ်ဦး အပါအဝင် ၁၅ ဦးကို ပြန်လွှတ်ပေး ခဲ့တယ်လို့ RCSS က သတင်းထုတ်ပြန်ခဲ့သလို ကျန်တဲ့သူတွေကိုလည်း ဆက်လွှတ်ပေး မယ်လို့ RCSS ပြောခွင့်ရသူက RFA ကို ပြောထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၈ ကနေ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းအထိ RCSS နဲ့ SSPP /TNLA တို့ရဲ့ တိုက်ပွဲတွေကြောင့် အရပ်သားသောင်းနဲ့ချီ နေရပ်စွန့်ခွာခဲ့ရပြီး ကျောက်မဲမြို့ နယ်မှာဆိုရင် ဒီနေ့အထိ ဒေသခံထောင်နဲ့ချီ နေရပ်မပြန်နိုင်ကြသေးပါဘူး။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ နမ္မတူမြို့နယ်အတွင်းမှာလည်း အရပ်သားနေအိမ် ရာနဲ့ချီ မီးလောင် ပျက်စီးခဲ့ရသလို နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကိုင်အဖွဲ့တွေကို သတင်းပေးတယ်လို့ စွပ်စွဲခံရပြီး အဖမ်းခံရတဲ့ အရပ်သားတွေလည်း ရှိပါတယ်။
အဲဒီအထဲမှာ တချို့ကတော့ ဒီနေ့အထိ နေအိမ်ပြန် ရောက်မလာကြသေးဘူးလို့ ဖမ်းဆီးခံ ထားရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။