စစ်ရေယာဉ်ပေါ် နှိပ်စက်ခံရတဲ့ ငါးဦးကိစ္စ စုံစမ်းစစ်ဆေးမှု နှောင့်နှေးလို့ မိသားစုဝင်တွေ ပြော


2020.06.27

AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးထားတဲ့ ရခိုင်ဒေသခံ အရပ်သား ငါးယောက်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲအခြေအနေတွေကို မသိရတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။ ဖမ်းဆီးစဉ် စစ်ရေယာဉ်ပေါ်မှာ တပ်မတော်သား တချို့က ရိုက်နှက်တာခံခဲ့ရသူတွေကိုတော့ မနေ့တုန်းကပဲ ရုံးထုတ်ခဲ့တာပါ။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာက ဒေသခံ ငါးဦးကို တပ်မတော်ရေယာဉ်ပေါ်မှာ ညှဉ်းပန်း နှိပ်စက်ခဲ့တာကို အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ညွှန်ကြားထားပေမယ့် အခုချိန်ထိ နှိပ်စက်ခံရသူတွေကို စစ်ဆေးမေးမြန်းတာ မရှိသေးဘူးလို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

ဖမ်းဆီးခံထားရသူ တစ်ဦးဖြစ်တဲ့ ဦးမင်းစိုးရဲ့မိခင်ကတော့ ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ သားဖြစ်သူအတွက် စိုးရိမ်တယ်လို့ ပြောပါတယ်။

“ဘာမှစစ်ဆေးတာ မရှိဘူး။ အခု သူတို့ လှည့်လို့တောင် မကြည့်တော့ဘူး။ ကျွန်မတို့မှာတော့ သူတို့ နှိပ်စက်တာခံရတာဘဲ။ ကျွန်မသားက ကျန်းမာရေး မကောင်းဘူး။ သူတို့ကို တအားနှိပ်စက်တယ်။ ကျွန်မရဲ့သားက တော်တော်ခံရတယ်”

ပုဏ္ဏားကျွန်းမြို့နယ်က အရပ်သား လေးယောက်နဲ့ မြောက်ဦးမြို့နယ်က အရပ်သား တစ်ယောက်ကို စစ်ရေယာဉ် ပေါ်မှာ တပ်မတော်သားတွေက ရိုက်နှက်ထိုးကြိတ်ပြီး မေးမြန်းနေတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ မေလ ၁၀ ရက်နေ့က လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်က မေလ ၁၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး ဥပဒေနဲ့မညီဘဲ စစ်မေးခဲ့ကြတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စစ်စည်းကမ်းနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။

နှိပ်စက်ခံရတဲ့သူ ငါးဦးကိုတော့ တပ်မတော် အရာရှိတစ်ဦးက တရားလိုလုပ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နဲ့ မေလ ၂၂ ရက်နေ့က အမှုဖွင့် တရားစွဲတင်လိုက်ပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

ဖမ်းဆီးထားသူတွေကိုလည်း စစ်တွေခရိုင်တရားရုံးမှာ မနေ့တုန်းကပဲ ရုံးထုတ်စစ်ဆေးခဲ့ပေမယ့် တရားလို မရောက်တာကြောင့် ဇူလိုင်လ ၃ ရက်နေ့ကို ထပ်မံချိန်းဆိုထားတာပါ။

ဖမ်းဆီးခံထားရသူ နောက်တစ်ဦးဖြစ်တဲ့ ကိုကျော်ဝင်းဟိန်းနဲ့ ရုံးထုတ်ချိန်မှာ တွေ့ဆုံခဲ့တဲ့ မိခင် ဒေါ်ခင်ညွန့်ယဉ် ကတော့ သားဖြစ်သူ အပြင်းအထန် နှိပ်စက်ခံထားရတယ်လို့ ပြောပါတယ်။

“ရင်ညွှန့်ကို သေနတ်ဘောင်နဲ့ ထောင်းတယ်။ အလွန့်အကျွံရိုက်တယ်။ နှိပ်စက်တယ်။ အဲဒီ ၅၅၀ တပ်ရင်းထဲ ရိုက်တာတောင်မကသေးဘူး ဗုံးတွင်းထဲကို ကန်ချလိုက်တယ်။ ပြီးရင်ဆွဲတင်ပြီး ကျောက်နဲ့ ထုပစ်တာ ခေါင်းမှာလည်းကွဲလို့  ပြီးရင် စမုတ်တိုင်ကို မီးနဲ့အပူပေးပြီး ပေါင်တွေကို မီးတိုက်တယ်။ လျှပ်စစ်ကာရန်း တိုက်တယ်။ သူဒီလိုခဲ့ရတာကို သူနဲ့တွေ့တုန်းပြောပြလို့  ကျွန်မဝမ်းနည်းတယ်။ ခံစားရတယ်”

ထိန်းသိမ်းထားသူ ငါးဦးကို စစ်ရေယာဉ်တစ်စင်းနဲ့ ခေါ်ယူစဉ်လမ်းခရီးမှာ နှိပ်စက်ခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်သားတချို့ကို ခုံရုံးဖွဲ့စစ်ဆေးနေကြောင်း ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။